ဆင့်ကဲဖြစ်စဉ်၊ မနုဿဗေဒနှင့် ဘုရားမဲ့ဝါဒ
(၁၉) ရာစု၏ ဒုတိယတစ်ဝက်တွင် ခရစ်ယန်ဝါဒမှာ များစွာသော အတိုက်အခိုက်များ အောက် ကျရောက်ခဲ့ရသည်။ ချားစ်ဒါဝင် ချပြခဲ့သော ဆင့်ကဲဖြစ်စဉ် သီအိုရီနှင့် အခြားသော သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုများက သဘာဝတရားနှင့် လောက၏ ဖြစ်တည်မှုတရားအပေါ် ဘာသာတရားများ၏ ရှင်းလင်းချက်များ၏ တန်ဖိုးကို မှေးမှိန်သွားစေခဲ့သည်။
ကျမ်းစာသင်ကြားခြင်း
(၁၈) နှင့် (၁၉) ရာစုများအတွင်း ပညာရပ်နည်းကျ စူးစမ်းလေ့လာမှုများက ဘာသာတရား၏ အခြေခံအမှန်တရားများကို မှေးမှိန်သွားစေပြီး သီးခြားတည်ရှိနေသော သဘာဝလွန်ဖြစ်တည်မှုအဖြစ် ဂေါ့ဒ်၏ ရပ်တည်မှုကို သံသယဖြင့် ပစ်ပေါက်ခဲ့သည်။
ထို့ထက်ပင်စောသည့် ၁၆၅၁ ခုနှစ်က ဒဿနပညာရှင် သောမတ်စ်ဟော့ဘ်က မိုးဇက်သည် သူ့ကိုဂုဏ်ပြုနေကြသော သမ္မာကျမ်းစာအုပ်များကို အမှန်တကယ်ရေးသားခဲ့သူ မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။
၁၇၇၉ ခုနှစ်တွင် J G Eichhorn က Book of Genesis စာအုပ်ပါ ပုံပြင်များသည် သမိုင်းအစစ်အမှန်မဟုတ်ဘဲ ဂရိနှင့် ရိုမန် ဒဏ္ဍာရီပုံပြင်များကဲ့သို့ ဒဏ္ဍာရီများသာဖြစ်ကြောင်း ယူဆခဲ့သည်။ ထို့ထက်ပို၍ သူကပင် ထိုပုံပြင်များကို ဘုရားစကား အစစ်အမှန်များကဲ့သို့ ဆက်လက်ဖတ်ရှုနေရန် မသင့်တော့ကြောင်း ပြောဆိုခဲ့သည်။
အခြားသော ကျမ်းစာပညာရှင်များကလည်း ဘာသာတရားအပေါ် သစ္စာဖောက်ရန် ဟေဂယ်၏ အယူအဆများကို စတင်လက်ခံလာကြပြီး ဘာသာရေးဆိုင်ရာ ပုံပြင်များနှင့် ယုံကြည်ချက်များမှာ ယေဘုယျအားဖြင့် လူသား၏ လောကုတ္တရာဘ၀နှင့် ပတ်သက်သည့်အမှန်တရားများကို သရုပ်ပြသည့် သင်္ကေတနည်းလမ်းတစ်ရပ်သာ ဖြစ်လာခဲ့သည်။
သမ္မာကျမ်းစာပါ စာသားများကို စာပေနည်းအရ သရုပ်ခွဲလေ့လာမှုများ ကိုယ်တိုင်ကပင် ကျမ်းစာအပေါ် ယုံကြည်စိတ်ချရသော သမိုင်းဆိုင်ရာ စာပေမှတ်တမ်းတစ်ခုဖြစ်ပါ၏လောဟု သံသယပွားလာသည်။
ဂျာမန်တစ်ဦးဖြစ်သူ D F Strauss က ၁၈၃၅ ခုနှစ်တွင် ခရစ်တော်၏ New Testament ဇာတ်လမ်းများကို အစစ်အမှန်များဟူ၍ ဘာသာမပြန်သင့်ဘဲ ဂျူးဆရာတစ်ယောက်၏ဘ၀ကို ဘာသာအရေး အဆင်တန်ဆာဖြင့် မွမ်းမံတန်ဆာဆင်ထားခြင်းမျှသာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။
ဘုရားသခင်သည် လူ့တီထွင်မှု
၁၈၄၁ ခုနှစ်တွင် Ludwig Feuerbach က ဘုရားသခင်သည် လူသား၏ တီထွင်ဖန်တီးထားမှုသာဖြစ်ပြီး မိမိတို့၏ အကြောက်တရားများနှင့် ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ကူညီထောက်ပံ့ပေးသော နာမ်ပိုင်းဆိုင်ရာပစ္စည်း တစ်ခုသာဖြစ်သည်ဟု ငြင်းခုံခဲ့သည်။ ဤသည်မှာ တကယ်တော့ လူသားများအတွက် သတင်းဆိုးတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်အား စိတ်ဓာတ်ပြင်းပြသော၊ ပညာရှိသော၊ ကြည်ညိုဖွယ်ကောင်းသော စသည်ဖြင့် ဂုဏ်ရည်များဖြင့်ပြည့်ဝသူဟု မိမိတို့၏ အနာဂတ်တစ်ခုလုံးကို ပုံအပ်ထားခဲ့ရာမှ မိမိကိုယ်ကို များစွာနိမ့်ကျနေသည့်အဖြစ်ကို မြင်တွေ့ခဲ့ရလေသည်။ ထို့ကြောင့် လူသားဘ၀မှာ မိမိ၏အစစ်အမှန်အတ္တကို မုန်းတီးစိတ်ဖြစ်ပေါ်လာသည်။
မနုဿဗေဒ
မနုဿဗေဒပညာရှင်များကလည်း ရှိပြီးသား “ဧကန်မလွဲမှု” များကို သံသယဖြင့် ကြည့်လာကြသည်။ ဘာသားတရားများအား နှိုင်းယှဉ်သုတေသနပြုမှုများကလည်း ဘာသာတရားများစွာတို့၏ ဇာတ်လမ်းများနှင့် ဓလေ့ထုံးစံတို့တွင် တူညီမှုများအများအပြား ရှိနေခြင်းကို ဖွင့်ဟခဲ့သည်။ လူမျိုးစု ဘာသာတရားများတွင်သော်မှ ခရစ်ယန်ဘာသာနှင့် ယေဘုယျတူညီသော အစိတ်အပိုင်းများ တည်ရှိနေဟန် တူပေသည်။
ဤသည်က ခရစ်ယန် (သို့မဟုတ် အခြားဘာသာတရားတစ်ခုခု) သည် မည်သည့်နည်းဖြင့် စစ်မှန်သော ယုံကြည်မှုဟု ကြွေးကျော်ရန်နှင့် အခြားဘာသာတရားတစ်ခုခုသည် ဘုရားသခင်နှုတ်မြွက်တော်၏ စစ်မှန်သော အကျိုးဆက်ဟု ကြွေးကျော်ရန် ဤသို့ ဘာသာတရားများသည် ယေဘုယျစံများတွင် အတော်များများတူညီ နေတည်းက အဘယ်သို့ဖြစ်နိုင်ပါမည်လဲဆိုသောအချက်မှာ ပြဿနာကြီးတစ်ရပ် ဖြစ်လာသည်။

နစ်ရှေး
(၁၉) ရာစုနှောင်းပိုင်းတွင် ဒဿနပညာရှင် Friedrich Nietzsche (1844-1900) က“ဘုရားသခင်သေပြီ။ လူသားက ဘုရားကိုသတ်လိုက်ပြီ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ နစ်ရှေးက ခရစ်ယန်အယူဆဆိုင်ရာ ထာဝရဘုရားသခင်ကို ယုံကြည်ရန် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။ သူ၏ အယူအဆအရ ခေတ်သစ်လူသားများသည် ဘုရားသခင်အား “အမှန်တကယ်” ယုံကြည်ခြင်းမရှိတော့ကြောင်းနှင့် ဤ “မယုံကြည်မှု” ကပင် ဘုရားသခင်ကို သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဤကိစ္စတွင် နက်နဲသော ကျင့်ဝတ်ဆိုင်ရာ ကောင်းကျိုးဆိုးပြစ်များ အများအပြားရှိနေပါသည်။ အနောက်တိုင်း လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်ဥပဒေသည် ဂျူး-ခရစ်ယန် လူမှုကျင့်ဝတ်များတွင် လုံးလုံးလျားလျားအခြေခံ ထားခြင်းဖြစ်ရာ ဘုရားသခင်အား ယုံကြည်မှုမရှိတော့လျှင် ဘုရားအားအခြေခံထားသော ကိုယ်ကျင့်ဥပဒေကို မှီ၍ ဆက်လက်ရှင်သန်နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း လူအများ အနှေးနှင့်အမြန် သိရှိလာမည်သာ ဖြစ်ပါသည်။
နစ်ရှေးက ဘုရားသခင်သေဆုံးကြောင်း ပြောကြားရုံမျှမဟုတ်၊ ထိုထက် အစဉ်အလာနှင့်ကွဲပြားသော အရာတစ်ခုကိုလည်း ပြောကြားခဲ့လေသည်။ “ဘုရားသခင်မျှသာမဟုတ်၊ ယုံကြည်စရာဘာတစ်ခုမျှ ကြွင်းကျန်ခြင်း မရှိတော့ပေ။ လူ့ဘ၀၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်တို့၏ အရင်းအမြစ်ကို ထောက်ကူသော မည်သည့် လောကုတ္တရာကိုမျှ ယုံကြည်ရန်မရှိတော့ဟူ၍ပင် သူကဆိုခဲ့သည်။
နစ်ရှေးသည် ခရစ်ယန်ဘာသာကို ဝေဖန်သူတစ်ဦးမျှသာမဟုတ်။ ၎င်းမှာ မှားရုံမျှမက မိစ္ဆာအယူနှင့် အကျင့်ပျက်ခြစားခြင်းဟူသော “ဘ၀နှင့် ဖီလာဆန့်ကျင်ခြင်း” (Contradiction of life) တစ်ခုမျှသာ ဖြစ်သည်ဟု သူက ယူဆခဲ့ပေသည်။
◄ တေဇာ ► အောက်တိုဘာ (၈) ၂၀၀၉

Source: BBC
ကျေးဇူးပဲ...တကူးတက ဘာသာ ပြန်၍ တင်ပေးသည့်အတွက်...များစွာ ကျေးဇူးတင်ပါသည်။ ဆက်လက်၍ တင်လာမည့် ပို့စ်များကိုလည်း စောင့်မျှော်နေပါသည်.။
ReplyDelete