တကယ်ဆိုရင် ညဟာ
အခုလောက် အင်္ဂါမစုံမလင်နဲ့ ဆွံ့အမနေသင့်ဘူး။
ညရဲ့အင်္ဂါမှာ လေအေးရနံ့တွေပါမယ်။
တူတူပုန်းတမ်းကစားနေတဲ့ တိမ်တဲ့ ကြယ်တချို့ပါမယ်။
မိန်းမတစ်ယောက်ကို ဒေါသတကြီးရိုက်နှက်ပြီးမှ
မျက်ရည်ကို အနမ်းနဲ့သုတ်ဖယ်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့
ရှိုက်သံပါမယ်။
လေးဖက်ထောက်ပြန်လာတဲ့ ယောက်ျားကို ဖရုဿဝါစာတွေ
နှစ်နှစ်ကာကာ ပစ်လွှတ်ရင်း မနိုင့်တနိုင်ပွေ့ထူနေတဲ့ မိန်းမမျက်ဝန်းက
ထွက်လာတဲ့ အရောင်လဲ့လဲ့တွေနဲ့ ညက ချိုမြနေမယ်။
တအီအီဂျီကျနေတဲ့ ကလေးကို
နို့ပိန်ကလေးညှစ်ညှစ်ပြီး သားချော့တေးဆိုညည်းနေတဲ့
ခ၀ါသည်မရဲ့ မီးပူထိုးသံ တချပ်ချပ်ပါမယ်။
ညရဲ့အင်္ဂါမှာ ခွေးအူသံကလည်း လှတယ်။
တိတ်ဆိတ်နေသံလည်း ညဂီတပဲ။
အဝေးကလွင့်လာတဲ့ ဂစ်တာသံကလည်း ညရဲ့အားတွေပဲ။
ကြာပြီ ... ။
အခု မကြားရတာ ညကိုဝေစည်ခဲ့ဖူးတဲ့ ဂီတကြေးစည်၊
ကြာပြီ အခုမကြားရတဲ့ အမျှဝေသံ။
တကယ်ဆိုရင် ညဟာ
အခုလောက် အင်္ဂါမစုံမလင်နဲ့ ဆွံ့အ မနေသင့်ဘူး။
အခု တစ်ညလုံးဝါးမျိုနေတာ...။
◄ လှမိုးသစ် ► ၂၀၀၅ ခုနှစ် ဧပြီလ၊ မဟေသီမဂ္ဂဇင်းမှ...။
“ပုဂ္ဂလိက သိမှတ်ခံစားမှုတစ်ခုအတွင်းမှ ယန္တရားည”
ကြာခဲ့ပါပြီ...။ ယန္တရားညဆိုတဲ့ကဗျာကို အခုလို ယန္တရားညတွေရဲ့ အနောက်ဘက်အဝေးဆီက အင်္ဂါစုံလင်တဲ့ အစစ်အမှန် ညများမှာ ဖတ်မိခဲ့တယ်ဆိုရင် အခုလောက် ဘယ်ခံစားမိပါ့မလဲ။ အခုတော့ တနောင်နောင် ကြေးစည်သံနဲ့ တဒေါင်ဒေါင်ဂစ်တာဆည်းချက်တွေတောင်ေ၀၀ါးခဲ့ပြီ။ ကြာခဲ့ပြီကိုး...။
စက်ရုပ်တစ်ရုပ်လို အခုယန္တရားညမှာ ဗျောက်အိုးသံရှိတယ်။ အသားမဲမဲများရဲ့ ဟေးလားဝါးလားများ ရှိတယ်။ အစာလာရှာတဲ့ ကြောင်အိုကြီးတွေရှိတယ်။ ဒါပါပဲ။ ဒီထက်မပိုဘူး။ ဒါပေမဲ့ “ပိစိကွေး” မရှိဘူး။ ဆွဲဆွဲငင်ငင်အူတတ်တဲ့ ခွေးလေခွေးလွင့်လေးတစ်ကောင် မရှိဘူး။ အုတ်ခုံပေါ်က မူးရစ်ရီဝေ သံပြိုင်သီဆိုနေကျ “အ၀ါရောင်ကိုက်ခဲမှု” မရှိဘူး။ ဖိုတီဖိုက်နွယ်ချို မရှိဘူး။ မြန်မာစံတော်ချိန် ည (၈) နာရီ ဆယ့်ငါးမိနစ် မရှိဘူး။ ဖယောင်းတိုင်မီးမှုတ်သံ၊ မီးခြစ်ခြစ်သံ မရှိဘူး။ မြွေပါးကင်းပါး ကြောက်ရတဲ့ မြက်ဖုတ်ထူထူ မရှိဘူး။ စည်သူသန်း ဂိုးသွင်းလို့ မြောင်းထဲအနောက်ကျွမ်းထိုးချတဲ့ ဆိုက်ကားဆရာကိုအောင်ဘုရဲ့ ရေစိုစိုဖော့ဖိနပ်ဟောင်းလေးလည်း မရှိဘူး။ မျက်စောင်းထိုး၊ နှုတ်ခမ်းဆူတတ်တဲ့ အခွေပြန်အပ်နေကျ လမ်းမပေါ်ကကောင်မလေးတွေတောင် တစ်ယောက်မှ မရှိတော့ဘူး။
ဒီတော့ ညဟာ အင်္ဂါမစုံဘူး။ တကယ်တော့ ဒီညဟာ ဒုက္ခိတပဲ။ မသန်မစွမ်းပဲ။ မိုက်မိုက်မဲမဲ မှောင်နေဦးမယ့် ညပဲ။ ဒီညကို ညချင်းတောင် မစာနာချင်တော့ဘူး။ ညအခွင့်အရေးတွေ ညက မပေးစွမ်းနိုင်ဘူး။ ညဟာ ညဥ့်နက်လာရုံမှတစ်ပါး နက်နဲမှုမရှိဘူး။ ညရေးညတာ ခိုလှုံခွင့်လေးတောင် ညဟာ မပေးစွမ်းနိုင်ဘူး။ သန်းခေါင်ထက်ညဥ့်နက်နေသူ တစ်ယောက်အတွက် ဒီညဟာ ယန္တရားညပါပဲ။
ဒါပေမဲ့...
တကယ်တော့ သန်းခေါင်ထက်ညဥ့်နက်ခဲ့သူဟာ ဒီယန္တရားညကြောင့်သာ ဟိုအရင်က ညစစ်စစ်များရဲ့ တန်ဖိုးကို သတိပြုမိခဲ့တယ်ဆိုရင်တော့ ယန္တရားညကို ကျေးဇူးတင်သင့်တယ်ပေါ့။ ဒီထက်ပို ကျေးဇူးပါ ဆပ်ချင်သေးတယ်ဆိုရင်တော့ သူက အင်္ဂါမစုံလင်တဲ့ ယန္တရားညကို ညတစ်ခုအဖြစ်သာ လက်ခံပေးရတော့မှာပေါ့...။ ဒီလိုသာ ယန္တရားညနဲ့ မိတ်ကောင်းဆွေကောင်းတွေ ဖွဲ့ဆိုကြရရုံ ရှိတော့တာပေါ့...။ မင်္ဂလာပါ ယန္တရားည.... !
◄ တေဇာ ►
Comments
Post a Comment