Skip to main content

လူဆိုသည်မှာ... ?


ဒေါ်ရသီရိုး (Dorothy Rowe) သည် အောင်မြင်ထင်ရှားသည့် စိတ်ပညာရှင် စာရေးဆရာမတစ်ဦးဖြစ်ပြီး သူမကျွမ်းကျင်သည့် အလုပ်များတွင် ခံစားမှုဆိုင်ရာ စိတ်ကျဝေဒနာ၊ ပျော်ရွှင်မှု၊ အိုမင်းမှု၊ နိုင်ငံရေး၊ ငွေကြေး၊ မိတ်ဆွေနှင့် ရန်သူ၊ ဘ၀င်မြင့်ခြင်းနှင့် သိမ်ငယ်စိတ်၊ မိဘနှင့်ကလေး၊ ညီအစ်ကို မောင်နှမဆက်ဆံရေး စသည့်နယ်ပယ်များ ပါဝင်သည်။ အောက်ပါတို့မှာ ဘီဘီစီနှင့် သူမ၏ အင်တာဗျူးမှ ကောက်နှုတ်ချက်များ ဖြစ်ပါသည်။

“ဦးနှောက်နှင့် အာရုံကြောသိပ္ပံက လွတ်လပ်စွာ ရွေးချယ်ခွင့် (Free will) ရှိကြောင်း သက်သေပြနိုင်ပြီ” ဟုဆိုလျှင် မီဒီယာများအတွက် သာမန်ထက်ထူးခြားသည့် ခေါင်းကြီးပိုင်း ဖြစ်လိမ့်မည်။ အကယ်၍ ဤသတင်းသာ မှန်ကန်သည်ဆိုခဲ့လျှင် ပို၍ပင် ထူးခြားလိမ့်ဦးမည် ဖြစ်သည်။

ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာရှင်တို့ သက်သေပြခဲ့သည့်အရာမှာ ဖြစ်ရပ်များကို ကျွန်တော်တို့ဦးနှောက်၏ ဘာသာပြန်ဆိုခြင်းများနှင့် ပတ်သက်၍ ရွေးချယ်မှုများပြုလုပ်ရာတွင် ကျွန်တော်တို့အနေဖြင့် လွတ်လပ်စွာ ပြုမူလုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဖြစ်ရပ်များကို ဘာသာပြန်ဆိုထားခြင်း (တစ်နည်း) ဖြစ်ရပ်များကို ကျွန်တော်တို့ဦးနှောက်က နားလည်အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည့် အရာများကို ဆိုလိုခြင်းဖြစ်သည်။ ဘာလုပ်မယ် ပိုင်းဖြတ်လိုက်သည့် ဖြစ်ရပ်ချည်းသက်သက် မဟုတ်ပါ။



ဦးနှောက်နှင့် အာရုံကြောသိပ္ပံပညာရှင်များ၏ စူးစမ်းလေ့လာချက်များအရ ကျွန်တော်တို့ဦးနှောက်၏ ဖွံ့စည်းတည်ဆောက်ပုံမှာ အရှိတရား (Reality) ကို တိုက်ရိုက်သိမြင်ခြင်းမျိုးမဟုတ်ဘဲ ဦးနှောက်၏ ဖန်တီးထားချက်များဖြစ်သည့် “ဘာသာပြန်မှုများ” (Interpretations) “ပုံရိပ်များ” (Images) အားဖြင့်သာ သိမြင်ခြင်းဟု ဖွင့်ဟခဲ့သည်။

ဦးနှောက်နှင့် အာရုံကြောသိပ္ပံပညာရှင် ခရစ်ဖရစ် (Chris Frith) က သူ၏ လက်ရာမြောက်စာအုပ် Making up the Mind: How the Brain Creates Our Mental World (Blackwell) တွင် “ကျွန်တော်တို့ရဲ့ အာရုံတွေအားလုံးဟာ အပြစ်အနာအဆာမရှိဘဲ ဦးနှောက်ပုံမှန်အလုပ်လုပ်ဆောင်နေတယ်ဆိုတာတောင် ရုပ်ကမ္ဘာနဲ့ တိုက်ရိုက်ဆက်သွယ်မှု ကျွန်တော်တို့ ရရှိတာ မဟုတ်ပါဘူး။ တိုက်ရိုက်ဆက်သွယ်နေသယောင် ထင်ရအောင် ခံစားနေရတာပါ။ ဒါဟာ ဦးနှောက်က ဖန်တီးထားတဲ့ အာရုံမှားမှုတစ်မျိုးသာ ဖြစ်ပါတယ်” ဟု အတိအလင်းရေးသားခဲ့ပေသည်။ ကျွန်တော်တို့၏ ဦးနှောက်သည် အထက်ပါ ပုံရိပ်များနှင့် ဘာသာပြန်ချက်များကို ကျွန်တော်တို့၏ အတိတ်အတွေ့အကြုံများကို အခြေခံ၍ ဖန်တီးခဲ့ခြင်းဖြစ်လေသည်။ တကယ်တော့ ဤသည်များမှာ ဦးနှောက်ထဲတွင် ကာလအတန်ကြာက သိုမှီးထားခဲ့သည့် မှတ်ဉာဏ် (Memory) အပိုင်းအစများသာ ဖြစ်ပေသည်။

အတွေ့အကြုံချင်း ထပ်တူထပ်မျှတူညီသည့် လူနှစ်ဦး မရှိသည့်အတွက် တစ်စုံတရာကို အတိအကျတူညီအောင် ဘာသာပြန်သောလူနှစ်ဦးလည်း ရှိမည်မဟုတ်ပေ။ အကယ်၍သာ ဦးနှောက်သည် ဤပုံစံအတိုင်း မလုပ်ဆောင်ဘဲ ကမ္ဘာကြီးကို တိုက်ရိုက်ရှုမြင်နိုင်သည်ဆိုခဲ့လျှင် တူညီသော အမြင်များဖြင့် စိတ်ဝင်စားဖွယ်မရှိ ပျင်းရိစရာကောင်းလှသည့် ကမ္ဘာကြီးကိုသာ ကျွန်တော်တို့ မြင်တွေ့ရမည်ဖြစ်ပေသည်။ ရူပဗေဒပညာရှင်များက စကြ၀ဠာကို ရှင်းလင်းပြဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်မည်။ သို့သော် ဤအတိုင်းမြင်နိုင်ဖို့ရာ ကျွန်တော်တို့သည် နျူကလီယားအမှုန်လေးတစ်မှုန်စာမျှ သေးငယ်နေဖို့ လိုအပ်ပါလိမ့်မည်။

ကမ္ဘာမြေရှိ မည်သည့်မျိုးစိတ်မဆို မိမိတို့မျိုးစိတ်အရွယ်အစားနှင့် သင့်လျော်သည့်ကမ္ဘာတွင်ပင် နေထိုင်ကြပါသည်။ ကျွန်တော်တို့ဦးနှောက်က လူသားအရွယ်အစား ကမ္ဘာကို ဖန်တီးသည်၊ ဆင်က ဆင်အလျောက်၊ ပုရွက်ဆိတ်က ပုရွက်ဆိတ်အလျောက် စသည်ဖြင့်။ ကျွန်တော်တို့နေထိုင်ရာ စကြ၀ဠာတွင် အရာရာတိုင်းသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ သို့သော် ကျွန်တော်တို့ဦးနှောက်က အမှန်တကယ် မတည်ရှိသည့် အတွေးဆင်များ (Patterns) နှင့် အကန့်များ (Divisions) ကို ဖန်တီးထား ခြင်းဖြစ်ပေသည်။

လူတို့၏ ဘာသာပြန်ချက်များသည် အစစ်အမှန်ဖြစ်ပျက်နေသည်များနှင့် အဓိပ္ပာယ်တွင်သာမက အတိုင်းအဆ အားဖြင့်ပါ အကြီးအကျယ် ထွေပြားနေနိုင်သည်။ တချို့သောလူများက မိမိပြုလုပ်နိုင်သည့် အရာတစ်ခုခုကို အနီးစပ်ဆုံးဘာသာပြန်ချက် ဖန်တီးရန် ကြိုးစားနိုင်သည်။ သိပ္ပံအခေါ်အားဖြင့် “ခိုင်လုံမှု” (Validity) မြင့်မားသည့် ဘာသာပြန်ချက်ဟု ဆိုနိုင်သည်။ တချို့လူများက မိမိတို့၏ ဘာသာပြန်ချက်ကို စိတ်ကူးယဉ်မှုနှင့် မတော်တဆ ကြုံကြိုက်သည့် အမှန်တရားများ ဆက်နွယ်မှုများကို အခြေခံထား၍သာ ဖန်တီးလေ့ရှိကြသည်။ အများစုသော လူများအဖို့တော့ ဤသို့သော အစွန်းနှစ်ပါးအလယ်က တစ်နေရာရာတွင် ကျွန်တော်တို့၏ ဘာသာပြန်မှု (၀ါ) နားလည်သိမှတ်မှုကို ဖန်တီးကြသည်။

ကျွန်တော်တို့၏ ဘာသာပြန်ချက်များသည် အမှန်တရားနှင့် နီးစပ်သည်ဖြစ်စေ၊ မနီးစပ်သည်ဖြစ်စေ တကယ်ဖြစ်နေသည့်အရာကို ယူဆထားခြင်းမျှသာဖြစ်ပေသည်။ သိပ္ပံပညာရှင်များ အလုပ်လုပ်သလိုပင် ကျွန်တော်တို့၏ ဦးနှောက်က လုပ်ဆောင်သည်။ ကြိုတင်ယူဆချက်များ (Hypotheses) များဖန်တီးပြီးနောက် စမ်းသပ်လိမ့်မည်။ ယာဉ်အသွားအလာ ရှုပ်ထွေးသည့် လမ်းမတစ်ခုကို ဖြတ်မည်ဆိုလျှင် ကားများ၏ အမြန်နှုန်းကို ဦးနှောက်က သီအိုရီထုတ်မည်။ အကယ်၍ သီအိုရီက တကယ့်လက်တွေ့နှင့် နီးစပ်မှုရှိသည် ဆိုလျှင် လမ်းကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်ပါလိမ့်မည်။ မရှိခဲ့လျှင် ကားတိုက်ခံရပေမည်။

ဘ၀တွင်ကြုံတွေ့ရသည့် ဖြစ်ရပ် (Event) များကို ပြောင်းလဲပစ်နိုင်စွမ်း မရှိသော်ငြား အဆိုပါဖြစ်ရပ်များကို မည်သို့ ဘာသာပြန်မည်ဆိုသည်ကိုတော့ ကျွန်တော်တို့ လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။ ဖြစ်ရပ်တိုင်းတွင် ဖြစ်နိုင်စရာဘာသာပြန်ချက်နှစ်ရပ် အနည်းဆုံးရှိသည်။ အမည်အားဖြင့် “ဖြစ်သည်” နှင့် “မဖြစ်ပါ” ဟူ၏။ တစ်ခါတရံ လုပ်ရပ်တစ်ခုသည် ကိုယ်ရွေးချယ်လိုက်သည့် ရလဒ်မဟုတ်သလို ကျွန်တော်တို့ ခံစားရသည်။ “အာရုံအရ လုပ်လိုက်မိတာ” ဟူ၍ ပြောတတ်သည်။ သို့သော် ဤ ရွေးချယ်ခြင်း၊ ဘာသာပြန်ခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်မှုလုပ်ငန်းစဉ်သည် မသိစိတ်တွင် လုပ်ဆောင်သွားခြင်းသာ ဖြစ်ပါသည်။ ရလဒ်ကိုသာ ကျွန်တော်တို့ သိစိတ်တွင် ထင်ဟပ်နေခြင်းဖြစ်ပါသည်။

ကျွန်တော်တို့၏ စိတ် (၀ါ) ဦးနှောက်တွင် တည်ရှိနေသည့်အရာ အများစုမှာ မသိစိတ်တွင် တည်ရှိပါသည်။ (တစ်နည်း) မသိနိုင်ပါ။ သို့သော် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘာသာပြန်ချက်ကို ရွေးချယ်မှုသည် လွတ်လပ်စွာရွေးချယ်ခြင်း အလေ့အကျင့် ဖြစ်ပါသည်။ ဖြစ်ရပ်များကို ဘာသာပြန်သည့် စွမ်းရည်မှာ အဓိပ္ပာယ်များကို ဖန်တီးသည်။ ကျွန်တော်တို့၏ ကိုယ်ခန္ဓာနှင့် ဦးနှောက်၏လုပ်ဆောင်ပုံမှ ထွက်ပေါ်လာသည့် အခြားတစ်ပါးသော (Alternative) အဓိပ္ပာယ်များအကြား ရွေးချယ်မှုပင် ဖြစ်သည်။ အဓိပ္ပာယ် ဖန်တီးတည်ဆောက်ခြင်းသည် ကျွန်တော်တို့၏ ကိုယ်ခန္ဓာ၊ ဦးနှောက်နှင့် စိတ်တို့ ဆောင်ရွက်လုပ်ကိုင်နေသည့် စနစ်တစ်ခုပင် ဖြစ်ပါသည်။

သို့သော်လည်း ရွေးချယ်စရာရှိသည့် အဓိပ္ပာယ် ပမာဏမှာ ကျွန်တော်တို့၏ ဘ၀သင်ခန်းစာများ၏ ပမာဏကို လိုက်၍ ကန့်သတ်မှု ရှိနေမည်ဖြစ်သည်။ သို့ကြောင့် ကလေးတစ်ယောက် ဖြစ်ရခြင်းသည် ခက်ခဲနေခြင်းဖြစ်သည်။ သို့ကြောင့် နိုင်ငံတော်၊ ဘုရားကျောင်းနှင့် စီးပွားရေးလုပ်ငန်းကြီးများစသည့် အဖွဲ့အစည်းတစ်ရပ်ရပ်က ကျွန်တော်တို့အပေါ် သြဇာအာဏာသက်ရောက်ရန် အလိုရှိနေခြင်း ဖြစ်သည်။ နည်းနည်းသိလေ၊ ရွေးချယ်စရာပမာဏ နည်းပါးလေ ဖြစ်သည်။

အထက်တွင်ဆိုခဲ့သလို ကျွန်တော်တို့ပိုင်ဆိုင်သည်မှာ ကြားခဲ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို ဦးနှောက်မှ ဘာသာပြန်ထားခြင်းများသာ ဖြစ်သည့်အတွက် ပကတိအမှန်တရား (Absolute Truth) ကို ပိုင်ဆိုင်ပါသည်ဟု ထုတ်ဖော်ကြေငြာဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါ။ အကယ်၍ ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဆိုပါလျှင် ဤပုံစံအတိုင်းသာ ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပေသည်။ ဤအချက်၏ အကျိုးဆက်တစ်ခုမှာ ခရစ်ယန် အယူအဆများ အမျိုးမျိုးကွဲပြားနေသလို မိမိကိုယ်ကို ခရစ်ယန်ဟုသတ်မှတ်သည့် လူများလည်း ပုံစံအမျိုးမျိုးကွဲပြားနေခြင်း ဖြစ်သည်။ အခြားဘာသာတရားများ သည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်ဟု ပြောနိုင်ပါသည်။

များပြားလှသော လူတို့မှာ မိမိတို့၏ ဘာသာရေးခေါင်းဆောင်၏ သင်ကြားပို့ချသည့်အရာကို ထိုပုဂ္ဂိုလ်၏ နည်းလမ်းအတိုင်း ဘာသာပြန်ခဲ့သည့်အတွက် ၎င်းတို့ကိုယ်တိုင်သည် (သို့) ၎င်းတို့မှအပ အခြားလူများသည် ကြီးမားသည့် နာကျင်မှုနှင့် အပြစ်တို့ကို ခံစားနေရသည်ဟု ထင်မှတ်ကြသည်။ အချို့သော သူများမှာ လူသားများသည် မကောင်းမှုနွံထဲတွင် မွေးဖွားလာရသည့်အတွက် ပင်ကိုယ်အားဖြင့် ဆိုးယုတ်သူများဖြစ်သည့် အတွက် ကယ်တင်ခံရဖို့ ရှာဖွေရမည်သာဖြစ်ပြီး ကောင်းမှု၏ အမြင့်ဆုံးစံချိန်ကိုရရန်သာ ကြိုးစားနေထိုင် သွားရမည် ဖြစ်သည်ဟူသည့် ခရစ်ယာန်အယူအဆမျိုးတွင် ဘာသာပြန်ကြသော်လည်း အမြဲတစေ အပြစ်ပေးခြင်းနှင့် ကယ်တင်ခြင်းမခံရမှာ ကြောက်ရွံ့သော စိတ်ဖြင့်သာ နေထိုင်သွားကြရသည်။ ဤသို့သော ဘာသာပြန်နည်းအမျိုးအစားမှာ ရှုပ်ထွေးမှု၊ ပျက်စီးဆုံးရှုံးမှုနှင့် စိတ်ကျခြင်းများဆီသို့သာ ဦးတည်သွားနိုင်သည်။

တချို့က အယူအဆတစ်ခုကို ဆုပ်ကိုင်ထားသည့်အတွက် အဆိုပါအယူအဆမရှိသည့်လူများထက် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွင် မိမိတို့က သာလွန်မြင့်မြတ်သည်ဟု ယုံကြည်ကြသည်။ ဤသို့ယုံကြည်ခြင်းအားဖြင့် အဆိုးဆုံးဆိုရမည့်ပြစ်မှုများကိုပင် သူတို့က ကျူးလွန်ကြလေသည်။ သို့သော် သူတို့က မိမိတို့၏ သာလွန်မြင့်မြတ်မှု (Superiority) သည် ဂုဏ်ယူဝင့်ကြွားစရာနှင့် အခြားသူများကို အယူအဆ ပြုပြင်ခြင်း (တစ်နည်း) မိမိယုံကြည်သည့်ဘက်သို့ပါအောင် ဆွဲဆောင်ခြင်းစသည်များ ပြုလုပ်ရန် အခွင့်အရေးပေးထားသည်ဟု ထင်မြင်သဖြင့် စိတ်ပါလက်ပါ ကျူးလွန်ကြခြင်းဖြစ်သည်။ အချို့သော အခြေအနေများတွင် သူတို့မနှစ်သက်သည့်သူများ၊ သူတို့အမြင်တွင် ဒိဌိဟု ထင်မြင်ယူဆသူများကို ကိုယ်ထိလက်ရောက်ထိခိုက်စေခြင်းနှင့် သတ်ပြစ်ခြင်းတို့အထိပင် ကျူးလွန်တတ်ကြသည်။

ကျွန်တော်တို့ဦးနှောက်၏ အလုပ်လုပ်ဆောင်ပုံမှာ ဖြစ်ရပ်တိုင်းအတွက် ထွက်ပေါ်လာသည့် ကျွန်တော်တို့၏ ဘာသာပြန်ချက်များအား အဆက်မပြတ် ရွေးချယ်နေရခြင်းသာဖြစ်သည်ဟု ဆိုလိုပါသည်။ ဘာသာပြန်ချက် တစ်ခုစီမှ မည်သို့ ပြုမူလုပ်ဆောင်မည်ဟူသည့် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်ငြား ကျွန်တော်တို့၏ လွတ်လပ်သည့် ရွေးချယ်မှုတွင် ကျွန်တော်တို့ မရှောင်လွှဲနိုင်သည့် လိုအပ်သော ရွေးချယ်မှုအခြေအနေ၊ အကျိုးဆက်နှစ်ရပ် ရှိနေပါသည်။ မရေရာသောအခြေအနေတွင် တည်ရှိနေသည့် ရွေးချယ်မှုနှင့် မိမိ၏ ရွေးချယ်မှုကို တာဝန်ယူရခြင်းပင် ဖြစ်လေသည်။

လူတို့သည် မရေရာခြင်းအား ကြောက်ရွံ့ခြင်းနှင့် မိမိလုပ်ဆောင်သည့်အရာအတွက် တာဝန်ရှိနေခြင်းကို မကြိုက်နှစ်သက်သည့်အခါတွင် မိမိကိုယ်တိုင်အတွက် အာရုံမှားမှုများ (Illusions) ကို “ရေရာခြင်း” (Certainty) နှင့် “တာဝန်မရှိခြင်း” (Irresponsibility) အလို့ငှာ ဖန်တီးတည်ဆောက်ကြတော့သည်။ ဘုရားသခင်နှင့် နိုင်ငံခေါင်းဆောင်တစ်ဦး၏ အမိန့်ကို နာခံခြင်းရှိသည့် ကလေးတစ်ယောက် ဖြစ်ရန်သာ ရွေးချယ်ခြင်းမျိုး ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် မိမိတို့သည် လူသားများဖြစ်သည်ဟူသည့် အဓိပ္ပာယ်သက်ရောက်သည့် “သဘာဝ” (တစ်နည်း) “လူသားဂုဏ်ရည်” (လူသားဂုဏ်ရည်ဆိုသည်မှာ လူသား၏ ကောင်းမြတ်သည့်အရည်အချင်းကို ဆိုလိုခြင်းမဟုတ်ပါ။ လူကို ပြုလုပ်ထားသည့်အရာ၊ လူသား၏ တည်ဆောက်ပုံကကို ဤသို့ဖြစ်နေခြင်းကိုဆိုလိုပါသည်) ကို လက်ခံရန် ငြင်းပယ်လိုက်ခြင်းပင် ဖြစ်တော့သည်။

အကျော်ဇေယျ စိတ်ပညာရှင် ဒေါ်ရသီရိုး (Dorothy Rowe) ၏ BBC အင်တာဗျူးမှ ကောက်နှုတ်ချက် ဖြစ်ပါသည်။

Ref: Dorothy Rowe: What it is to be a human

◄ တေဇာ ► အောက်တိုဘာ (၂၇) ၂၀၀၉



Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ