ကြိုတင်ပြင်ဆင်အောင်ပွဲဝင် ဆိုသူက
ကမ္ဘာကြီးထဲ
အတာချီကေ့စ်လေးတောင်မပါဘဲ ရောက်လာတယ်
ခု သူက...
သေဖို့ပြင်ဆင်ပြီးပြီလား သတိပေးလာတော့
ယုံဖို့ခက်ခက်ပဲ
အသက်တစ်ခု ပီပီပြင်ပြင်ရှင်သန်နေရထဲကိုက
သေဖို့လုံလောက်အောင် အဆင်သင့်ဖြစ်ခဲ့ပြီ မဟုတ်ဘူးလား
သဘာဝနဲ့တည့်အောင်ပေါင်းမှ ရှင်သန်ကျန်ရစ်မယ်ဆိုတဲ့
ကမ္ဘာထဲ
ယေဘုယျအားဖြင့် သဘာဝမကျတတ်တဲ့
ငါ့ ဖြစ်တည်မှုက
သဘာဝကျကျ ယေဘုယျဆန်ပါတယ်လို့ နားလည်ပေးနေရတာဟာ
ဝမ်းနည်းစရာ...။
ခုလို လက်တွေ အေးစက်တောင့်ခဲနေတဲ့
ချမ်းစီးစီးမနက်မှာမှ
ကဗျာစပ်နေရတာကိုပဲ ကြည့်...။
ရိုးရိုးကျင့်မြင့်မြင့်ကြံတဲ့ ငှက်တွေ
အမြင့်ဆုံးအကိုင်းမှာ နားနေတယ်
လူတွေကတော့ သတိပြုမိပုံမပေါ်ဘူး...။
တကယ်တော့လည်း...
ကိုယ့်အရိပ်က ကိုယ့်ထက်အဆပေါင်းများစွာ
ပိုရှည်ထွက်အောင် ထိုးနေတဲ့ နေရောင်အောက်
တစ်ယောက်တည်း ၀ီစကီသွားသောက်လေ့ရှိသူဆိုတော့...
ရသမျှ မူးယစ်မှုလေးနဲ့ပဲ
ကျေနပ်ရတော့မယ်...။
အချဉ်ပေါက်နေတဲ့ စိတ်ကြီးနဲ့
ချိုမြိန်ချင်ယောင်ဆောင်ရတာဆိုတော့
ကလေးဘ၀ကစားခဲ့တဲ့ ချိုချဉ်လိုပေါ့...။
ခုလို...
လူမနီးသူမနီး လမ်းခုလတ်မှာ
မြွေဆိပ်တက်နေရတဲ့အကြောင်း
ဘယ်သူ့ကိုမှ အသိမပေးချင်တော့
တဖြည်းဖြည်း အသက်ကုန်ဖို့ကိုသာ
အာရုံပြုရတော့မယ်...။
အကိုင်းမြင့်မြင့်မှာ နားနေတဲ့လဒတွေလည်း
အစာမျှော်နေကြပြီ မဟုတ်လား...။
◄ တေဇာ ► အောက်တိုဘာ (၂၆) ၂၀၀၉
နောက်ဆုံးအပိုဒ်ကလွဲ အကုန်ကြိုက်တယ်။
ReplyDeleteလုပ်ခဲ့တဲ့အလုပ်တွေမှအပ သေပြီးတဲ့နောက် ကိုယ်ခန္ဓာမှာ အယုတ်ဆုံးအသုံးကျစရာ ဒါပဲကျန်တော့တယ်မဟုတ်လား...။း)
ReplyDelete