ဟိုးရှေးရှေးတုန်းကဟု သတ်မှတ်မည်ဆိုလျှင် သတ်မှတ်၍ရကောင်းသော အချိန်ကာလတစ်ခု အတွင်းက ပင်လယ်ကမ်းစပ် ကျေးရွာလေး တစ်ခုတွင် ကောင်လေးတစ်ယောက် ရှိခဲ့ဖူးလေသည်။ ငယ်စဉ်ကတည်းကပင် ကောင်လေးကို ချမ်းသာကြွယ်ဝသည့် ပန်းပဲဆရာတစ်ဦးထံ ငွေကြေးအနည်းငယ်အတွက် မိဘများက ရောင်းစားခဲ့လေသည်။ အကြောင်းမလှခဲ့သူ တစ်ယောက်အတွက် ကံမကောင်းခြင်းဆုသည် အပိုဆောင်းသည့် အနေဖြင့် ကပ်ပါလာခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ ပန်းပဲဆရာသည် ရက်စက် ကြမ်းကြုတ်သော လူတစ်ဦးသာဖြစ်သည်။ ကြေးရတက်တစ်ဦး၏ မောက်မာမှုနှင့် ခွန်အားဗလပြည့်စုံသော ပန်းပဲဆရာတစ်ဦး၏ ကြမ်းတမ်းခက်ထန်မှုတို့ကို တင်းပြည့်ကျပ်ပြည့် ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်လေသည်။
ပန်းပဲဆရာကိုယ်တိုင် ပုံသွင်းထုလုပ်ထားသည့် သံခြေကျင်းတစ်ခုသည် ထွက်ပြေးနိုင်လောက်သည်ဟု ယူဆရသည့် အချိန်ကာလကတည်းက ကောင်လေး၏ နုနယ်သော ခြေကျင်းဝတ်တွင် စွဲမြဲလေးလံစွာ နေရာယူ ထားခဲ့ပြီးဖြစ်လေသည်။ သံခြေကျင်း၏ တချွင်ချွင်မြည်သံနှင့်အတူ ဗာဟီရကိစ္စအားလုံး တစ်ဦးတည်း လုပ်ဆောင်ရန် တာဝန်ရှိသည့်ကောင်လေးမှာ လေးလံသော ခြေလှမ်းများနှင့်ပင် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရသည်။ တကယ်တော့ အချိန်မီပြီးစီးခြင်းနှင့် မပြီးစီးခြင်းသည် ကြာပွတ်အချက်ရေ အနည်းအများသာ ကွာပါသည်။ ပန်းပဲဆရာ၏ ကြာပွတ်မှာ ကောင်လေး၏ အသွေးအသားကို နေ့စဉ်စားသုံးရသဖြင့် ပြောင်လက်ပြီး အမြဲတမ်း သွေးဆာနေဟန်ရှိပေသည်။ အင်္ကျီဗလာကျင်းနေသော ကောင်လေး၏ ကျောပြင်တွင် ကျာပွတ်ရာများ အထပ်ထပ်ရှိနေခဲ့သည်။
နာကျင်ခြင်းနှင့်လွတ်ကင်းသော နေ့ရက်များသည် သူ့အတွက် မဟုတ်ခဲ့။ ပိုင်ဆိုင်မှုတစ်စုံတစ်ရာသည် သူ့အတွက် မဟုတ်ခဲ့။ ထမင်းကြမ်းခဲနှင့် အာလူးအနည်းငယ်သည်သာ ကောင်လေး၏ နေ့စဉ် စားသုံးရသည့် အဟာရဖြစ်သည်။ ယခုအခါ ဆယ်ပေါင်တူသည် ကြက်တောင်မွှေးလေးတစ်ခုပမာ ကောင်လေး၏ လက်ထဲတွင် ပေါ့ပါးနေပြီဖြစ်သည်။ သူက ငယ်ရွယ်သူပီသစွာ ကျန်းမာသန်စွမ်းသော ကောင်လေးတစ်ယောက်ပင်ဖြစ်သည်။ ကြမ်းတမ်းလှသော အလုပ်များကို အရွယ်နှင့်မလိုက်အောင် လုပ်ကိုင်နိုင်ရန် သဘာဝတရား၏ ကြင်နာသော လက်ဆောင်ဟုပင် အကောင်းဘက်မှ တွေးနိုင်ပါလိမ့်မည်။ ဆင်းရဲပင်ပန်းခြင်းများသည် အလွန်အမင်းခါးသီးသည့်တိုင် သူ၏ဘ၀သည် မျှော်လင့်ချက်ကင်းမဲ့ခဲ့ပြီး ဖြစ်သည်။
ဟိုးရှေးရှေးတုန်းကဟု သတ်မှတ်၍ရကောင်းသော ထိုကာလတွင် ငွေဝယ်ကျွန်စနစ်သည် လူအများ လက်ခံကျင့်သုံးသော စနစ်တစ်ခုသာ ဖြစ်ပေသည်။ ဥပဒေအရ သူသည် တရားဝင်ကျွန်စစ်စစ် တစ်ယောက်သာ ဖြစ်ပေသည်။ ပန်းပဲဆရာအတွက် အစွမ်းကုန်ကြိုးစားပေးဆပ်ပြီး ကျွန်ကောင်းတစ်ယောက် ဖြစ်ရေးသည်သာ သူ့ဘ၀၏ တာဝန်ဖြစ်ပေလိမ့်မည်။ ထမင်းကြမ်းခဲနှင့် အာလူးသည်သာ သူ၏ နတ်သုဒ္ဓါဖြစ်သည်။ ကောက်ရိုးခင်း တဲငယ်လေးသည်သာ သူ၏ အိမ်ယာဖြစ်ပေမည်။ ရက်စက်လှသော သူ၏ ကံကြမ္မာကို ရက်စက်သည်ဟူသော စကားလုံးဖြင့် ကောင်လေး စဉ်းစားတတ်လိမ့်မည်မဟုတ်ပါ။ ဆင်းရဲကြမ်းတမ်းခြင်းသည်သာ သူ၏ဘ၀ဖြစ်ပြီး ဤကိစ္စ၏ လက်သည်နှင့် လွတ်မြောက်မှုဟူသည့် မျှော်လင့်ချက်သည် ကောင်လေး၏ အသိဉာဏ်ထဲတွင် ရှိမနေခဲ့ပါ။
ညသည် ပင်လယ်ပြင်မှလှိုင်းပုတ်သံမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်လေးသည် ပင်လယ်ကမ်းစပ်တွင်ထိုင်ပြီး လမင်းကြီးကို ငေးကြည့်နေခဲ့သည်။ ဤသို့သောအချိန်သည်သာ သူ၏ လွတ်မြောက်ရာနိဗ္ဗာန်ဘုံ ဖြစ်လေသည်။ မိဘနှစ်ပါး၏ ပုံရိပ်တို့မှာ သူ၏အာရုံအတွင်း မှုန်ဝါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော အိပ်မက်ဆန်ဆန် အရိပ်များပမာသာ ရှိတော့သည်။ ပြင်းထန်သော ကျာပွတ်ရိုက်ချက်၏ ဒဏ်ရာမှ သွေးစက်တို့ကို သူက သုတ်လိုက်သည်။ ဤရက်စက်မှုများကို ကျင့်သားရရန် သူသည် အလွန်ငယ်ရွယ်လှ ပါသေးသည်။ သူ့မျက်ဝန်းဆီမှ မျက်ရည်များ စီးကျနေသည်။ တစ်စုံတစ်ယောက်သာ အနားတွင်ရှိခဲ့ပါလျှင် ကောင်လေး၏မျက်ဝန်းဆီမှ စီးကျနေသော မျက်ရည်များကို လရောင်အောက်တွင် မြင်နိုင်ပါလိမ့်မည်။ သို့သော် ဖြတ်ပြေးသွားသော လေပြည်လေညင်းမှတစ်ပါး တခြားသော သက်ရှိဟူ၍ လုံးဝ ရှိမနေခဲ့ပါ။ တစ်ကမ္ဘာလုံးသည် အိမ်မောကျနေပြီဖြစ်ပြီး ကောင်လေးတစ်ယောက်တည်းသာ အခြားကမ္ဘာတစ်ခုတွင် အထီးကျန် ရောက်ရှိနေသကဲ့သို့ရှိ၏။ ပင်လယ်ပြင်၏ စည်းချက်ကျလှိုင်းပုတ်သံသည် တစ်စတစ်စေ၀၀ါးသွားသည်။ ကောင်လေး၏ လေးလံသောခြေရာများမှာ သဲသောင်ပြင်တွင် နက်နက်ရှိုင်းရှိုင်း ကျန်ရစ်၏။ နောက်ဆုံးတွင် သူက သူ၏ခဏတာ နိဗ္ဗာန်ဘုံအားကျောခိုင်းပြီး လေးလံသောခြေလှမ်းများဖြင့် သူ၏တဲငယ်လေးဆီသို့ ပြန်လာခဲ့သည်။ အခြားနေ့များကဲ့သို့ မကြာခင် သူ အိပ်မောကျသွားခဲ့ပါသည်။
သီတင်းပတ်အတော်ကြာ ထုလုပ်ထားခဲ့သော ထုထည်ကြီးမားသည့် ဓားကြီးကို ပန်းပဲဆရာက အ၀တ်ဖြင့် ပတ်နေသည်။ ဤ၍ဤမျှ လက်ရာမြောက်လှသော ဓားတစ်လက်ဖြစ်ရန် တူချက်ပေါင်းမည်မျှ ထုခဲ့ရမှန်း ကောင်လေး မမှတ်မိတော့။ ဤသို့သော ဓားပေါင်းမြောက်များစွာကို ပန်းပဲဆရာ၏ လမ်းညွှန်ချက်ဖြင့် သူ ထုလုပ်ခဲ့ဖူးပြီဖြစ်၏။ ယနေ့တွင် ပန်းပဲဆရာသည် အနည်းငယ် မျက်နှာပျော့ပြောင်းနေဟန်ရှိသည်။ သူက ဂရုတစိုက်ဖြင့် လက်ရာမြောက်လှသည့်ဓားကို အ၀တ်ဖြင့်ပတ်လိုက်သည်။ ဒီဓားကို မြို့က ဖောက်သည်ဆီ မင်းသွားပို့ပေးရမယ်ဟု သူက ကောင်လေးကို ခပ်ပြတ်ပြတ်ပြောလိုက်သည်။ ကောင်လေးသည် ပန်းပဲဆရာနှင့်အတူ မြို့ပေါ်သို့ နှစ်ကြိမ်သုံးကြိမ်ခန့် ရောက်ခဲ့ဖူးသည်။ ယခုမူ သူတစ်ယောက်တည်း သွားရပေမည်။
သို့သော် ဤသည်မှာ သက်သာသည့်အလုပ်တော့ မဟုတ်ပါ။ ကြီးမားလေးလံသောဓားကြီးကို ထမ်းဤ သံခြေကျင်းဝတ်ခြေလှမ်းများဖြင့်သွားရမည့်ခရီးမှာ အလွန် ပင်ပန်းပါ လိမ့်မည်။ သို့သော် သူ၏ ဆန္ဒသည် ပန်းပဲဆရာအတွက် အရေးမကြီးပါ။ စင်စစ် သူ့တွင် ဆန္ဒဟူသည့်အရာ ရှိကြောင်းကိုပင် ပန်းပဲဆရာအနေဖြင့် သိလိမ့်မည်မဟုတ်သလို လက်ခံလိမ့်မည်လည်း မဟုတ်ပါ။ နံနက်ခင်းနေရောင်ခြည်နှင့်အတူ ကောင်လေးသည် တရွေ့ရွေ့ဖြင့် ခရီးစတင် ထွက်ခွာလာခဲ့သည်။ နေရောင်ခြည်သည် တစ်စတစ ပိုမိုပူပြင်းလာသည်။ သံခြေချင်း၏ ဆည်းချက်ကျမြည်သံက အဆက်မပြတ်ထွက် ပေါ်နေဆဲဖြစ်လေသည်။ ချွေးတို့ဖြင့် စိုရွှဲလာသည့်တိုင် ကောင်လေးသည် မရပ်မနား ခရီးဆက်နေဆဲဖြစ်လေသည်။ မွန်းတည့်ချိန်တွင် မြို့တွင်းသို့ သူဝင်ရောက်လာခဲ့သည်။ ဓားမှာယူထားသော ဖောက်သည်၏ အိမ်သို့ သူက ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့ ခဲ့လေသည်။
အစေခံတစ်ဦးက တံခါးလာဖွင့်ပေးပြီး အထဲသို့ ၀င်သွားရန် ခွင့်ပြုလိုက်သည်။ သူက ဓားကြီးကို ဂရုတစိုက် ကိုင်ဆောင်ပြီး အိမ်တွင်းသို့ ၀င်ခဲ့လိုက်သည်။ အိမ်အတွင်းဝယ် အဘိုးအိုတစ်ယောက် ထိုင်စောင့်နေပါသည်။ အဘိုးအိုက ကောင်လေးကို ပြုံးပြပြီး ထိုင်ရန် ညွှန်ပြလိုက်သည်။ ထို့နောက် အ၀တ်စကိုဖြည်ပြီး ဓားကြီးကို ဂရုတစိုက် အကဲခတ်နေသည်။ အချိန်အတန်ကြာအောင်ပင် အဘိုးအိုက ဓားကြီးကို ဖင်ပြန်ခေါင်းပြန် စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။ နှစ်လိုဖွယ်ရာပြုံးပြီး ခေါင်းတငြိမ့်ငြိမ့်ကျေနပ်နေဟန်ရှိ၏။ ကောင်လေးက အဖိုးအို၏ အပြုံးကို ချစ်ခင်စွာ ငြိမ်သက်ကြည့်ရှုနေလေသည်။ သူ၏ဘ၀တွင် အပြုံးကို လွန်စွာမြင်တွေ့ရခဲခဲ့သည်။ ပန်းပဲဆရာမှာ သူ့ရှေ့တွင် မည်သည့်အခါမျှ မပြုံးခဲ့ဖူး။ အခြားရွာသူရွာသားများလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ သူ့ကို မပြုံးပြသလို သူ့ရှေ့မှောက်မှာပင် မပြုံးကြသဖြင့် သူ့အတွက် အပြုံးသည် ထူးဆန်းနှစ်လိုဖွယ် အရာတစ်ခု ဖြစ်နေပေသည်။ ကောင်လေးက အဘိုးအို၏ အပြုံးကို တစိမ့်စိမ့်ကြည့်ရင်း သူကိုယ်တိုင်ပင် ပထမဆုံးအကြိမ်အဖြစ် ပြုံးမိရက်သား ဖြစ်နေကြောင်း သူ သတိမထားမိပေ။
ထို့နောက်တွင် အဘိုးအိုက သတိဝင်လာဟန်ဖြင့် ကောင်လေးကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦး အပြုံးချင်း ဆုံမိသွားကြသည်။ မောလာမှာပဲ ဖျော်ရည်တစ်ခုခုသောက်ရင်း အေးအေးဆေးဆေးနားပါဦးဟု အဘိုးအိုက သိမ်မွေ့စွာ ပြောလိုက်သည်။ ကောင်လေးကလည်း ခေါင်းညိတ်ပြလိုက်သည်။ ခဏအကြာတွင် အဘိုးအိုက ကောင်လေးကို အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။ ကောင်လေးမတ်တပ်ရပ်လိုက်ချိန်ရောက်မှ ခြေထောက်မှ သံခြေကျင်း၏မြည်သံကြောင့် အဘိုးအိုက ခြေကျင်းကို သတိထားမိလိုက်သည်။
သြော်… သူငယ်လေးရဲ့သခင်က ခြေကျင်းခတ်ထားသတဲ့လားဟု အဘိုးအိုက စိတ်မကောင်းစွာ ရေရွတ်လိုက်၏။ အခန်းထဲတွင် လှပသော အရွယ်စုံအသွေးစုံဓားများ အများအပြားရှိနေသည်။ ကောင်လေး၏အာရုံက ဓားများကို စိတ်ဝင်တစား ကြည့်ရှုနေချိန်တွင် အဘိုးအိုကမူ ကောင်လေးကိုသာ စိတ်ဝင်တစား အကဲခတ်နေသည်။ ထို့နောက်တွင် အဘိုးအိုက ကောင်လေးအကြောင်းကို စုံစမ်းလိုက်သည်။ သူ၏ကြမ်းတမ်းလှသည့် ဘ၀အကြောင်းကို ကောင်လေးက မခြွင်းမချန်ပြောပြသည်။ အဘိုးအိုသည် ဂရုဏာပြည့်လွှမ်းသော မျက်ဝန်းအစုံနှင့် ကောင်လေး၏ဇာတ်လမ်းအား စိတ်ဝင်တစား နားထောင်နေလေသည်။
ကောင်လေးပြောစရာစကား ကုန်ဆုံးသွားသောအခါ တစ်နေရာရာကို ထွက်ပြေးသွားဖို့ မစဉ်းစားမိဘူးလားကွဲ့ဟု အဘိုးအိုက ရုတ်တရက်မေးလိုက်သည်။ ကောင်လေးက မျှော်လင့်ချက်မဲ့စွာ ခေါင်းကိုသာ တွင်တွင်ခါပြလိုက်သည်။ ကျွန်တော့်မှာ ပြေးစရာ မြေမှမရှိတာ၊ ဘယ်နေရာကိုပြေးပြေး ကျွန်တော်ပြန်အဖမ်းခံရမှာပဲ၊ ပန်းပဲဆရာဆီ ပြန်ပို့ကြမှာပဲ၊ ကျွန်တော့်ကို တစ်ရွာလုံးက လိုက်ဖမ်းကြမှာဟု ကောင်လေးက စိတ်ပျက်အားငယ်စွာ ပြန်ပြောလိုက်၏။ အဘိုးအိုက သက်ပြင်းချလိုက်လေသည်။ အဘိုးကလေးကို ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်ဟု အဘိုးအိုက အစချီလိုက်သည်။
တစ်ခါတုန်းက ကလေးလိုပဲ ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာမှာ ကျွန်သူငယ်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့သခင်ရဲ့ ရက်ရက်စက်စက်နှိပ်စက်မှုတွေကို မခံနိုင်တဲ့အဆုံး သူဟာ ပင်လယ်ပြင်ကြီးကို ဖြတ်ပြီး ထွက်ပြေးသွားခဲ့တယ်ဟု အဘိုးအိုက ပြောလိုက်သည်။ ပင်လယ်ပြင်ကြီးကို ဘယ်လိုဖြတ်ပြေးမလဲအဘိုးရယ်ဟု ကောင်လေးက စိတ်ပျက်စွာ ကြားဖြတ်မေးလိုက်၏။ လရောင်လမ်းကပေါ့ကွယ်။ လပြည့်ညတွေမှာ လမင်းကြီးရဲ့ ရောင်စဉ်ဟာ ပင်လယ်ပြင်ပေါ်ကို ဖြာကျနေပြီး ငွေမှင်ရောင်လမ်းလေးလို ဖြစ်ပေါ်နေတယ်။ အဲဒီ လရောင်လမ်းပေါ်က ထွက်ပြေးလွတ်မြောက်ခဲ့တာပေါ့ဟု အဘိုးအိုက ပြောလေသည်။ငွေမှင်ရောင်ခင်းထားတဲ့လမ်းလို ဖြစ်နေပေမဲ့ အဲဒီအပေါ် တက်လျှောက်ရင် ရေထဲနစ်သွားမှာပဲ မဟုတ်လားဟု ကောင်လေးက မဆိုင်းမတွ ဆင်ခြေပေးလိုက်၏။ ဟုတ်တယ်၊ နစ်သွားမယ်…၊ ယုံကြည်မှုမရှိဘူးဆိုရင်ပေါ့။ ဘယ်သူလျှောက်လျှောက် ရေထဲနစ်သွားမှာပဲ။ လရောင်လမ်းပေါ်မှာ ယုံကြည်ချက်နဲ့သာ လျှောက်လှမ်းသွား ရမယ်။ ယုံကြည်ချက်ရှိနေသရွေ့ နစ်မသွားဘူး။ ယုံကြည်ချက်ကို ဆုံးရှုံးသွားတဲ့ အချိန်မှာ ပင်လယ်ထဲနစ်သွား လိမ့်မယ်ဟု အဘိုးအိုက လေးနက်စွာ ပြောလိုက်လေတော့သည်။
အပြန်လမ်းဝယ် ကောင်လေး၏စိတ်တို့က ထွေပြားနေသည်။ ထိုအဘိုးအိုသည် ရူးသွပ်နေသူဖြစ်ပေမည်။ သို့မဟုတ် သူ့ကို ယုတ္တိမတန်သော ပုံပြင်များပြောပြပြီး နှစ်သိမ့်စေခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ တကယ်တော့ သူ့တွင် မျှော်လင့်ချက်ဟူ၍ လုံးဝရှိမနေပါ။ ထိုစဉ်မှာပင် လမ်းမပေါ်တွင် စုရုံးနေသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ စိတ်ဝင်စားစိတ်ဖြင့် ကောင်လေးက လူအုပ်ကြားထဲ တိုးဝှေ့ကြည့်လိုက်သည်။ လူအုပ်၏အလယ်တွင် ၀က်ဝံကြီးတစ်ကောင် ရှိနေပါသည်။ ၀က်ဝံကြီးနံဘေးတွင် ကြာပွတ်ကိုင်ဆောင်ထားသည့် ရုပ်ကြမ်းကြမ်း မျက်လှည့်ဆရာတစ်ယောက် ရှိသည်။ သူက ကျွမ်းထိုးစမ်းဟု ၀က်ဝံကြီးကို ငေါက်ငမ်းလိုက်သည်။ ထို့နောက်တစ်ဆက်တည်း ကြာပွတ်ဖြင့်ပါ ကျောပြင်ကို မညှာမတာ ရိုက်နှက်လိုက်လေသည်။
ဝက်ဝံကြီးက သူ၏ ကြီးမားလေးလံသော ကိုယ်ခန္ဓာကြီးနှင့်ပင် လေးလေးပင်ပင် ကျွမ်းထိုးလိုက်သည်။ လူအများက သဘောကျစွာ လှောင်ပြောင်ရယ်မောကြသည်။ ဟိုမှသည်မှ အကြွေစေ့အချို့လည်း မျက်လှည့်ဆရာ၏ ခွက်ထဲသို့ ကျလာသည်။ ကဲ.. နောက်တစ်ခေါက်ဟု ကြာပွတ်သံတရွှမ်းရွှမ်းပေးရင်း မျက်လှည့်ဆရာက အော်ငေါက်လိုက်ပြန်သည်။ ဤတွင် ၀က်ဝံကြီး၏ ခြေထောက်မှ သံခြေကျင်းကြီးကို ကောင်လေး မြင်တွေ့လိုက်ရသည်။
လူအုပ်ကြီး၏ရှေ့ဆုံးမှ ကောင်လေးသည် ၀က်ဝံကြီးနှင့် အနီးကပ်နေရာကို ရောက်ရှိနေပြီဖြစ်သည်။ ၀က်ဝံကြီးက ကောင်လေးကို ငေးကြည့်နေလေ၏။ သူ၏ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝဲနေသည်ကို ကောင်လေး မြင်တွေ့နေရသည်။ သူကိုယ်တိုင်သည်လည်း မျက်ဝန်းထဲတွင် မျက်ရည်များပြည့်လျှံနေပြီဖြစ်သည်။ သူနှင့် ၀က်ဝံကြီးသည် ဘ၀တူတွေသာ ဖြစ်၏။ သူတို့နှစ်ဦးသည် သံခြေကျင်းတွင် ချုပ်နှောင်ထားခြင်းခံရသော ကြာပွတ် တို့ကိုအစာကျွေးသည့် အရာဝတ္ထုများ ပမာသာဖြစ်ကြ၏။ အချိန်အတန်ကြာအောင်ပင် ဘ၀တူ တိရိစ္ဆာန်နှင့်လူသားနှစ်ဦးတို့သည် နားလည်မှုကြီးမားသော မျက်ဝန်းကိုယ်စီဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြလေသည်။ နောက်ဆုံးတွင် ကောင်လေးသည် လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်ခွာပြီး ရွာသို့အပြန်လမ်းဆီသို့ ဦးတည်လိုက်လေတော့သည်။
ပန်းပဲဆရာသည် တင်းမာခက်ထန်သော မျက်ဝန်းအစုံဖြင့် ခြံရှေ့တွင် စောင့်နေလေသည်။ သူက ဘာမျှမပြောဘဲ ကောင်လေး၏ပါးကို ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။ ထို့နောက် ကြာပွတ်ဖြင့်ပါ အဆက်မပြတ် ရိုက်နှက်လေတော့သည်။ ညနေစောင်းတဲ့အထိ နေရအောင် ဒီခရီးကဘယ်လောက်ဝေးလို့လဲဟု သူက ဒေါသတကြီး အော်ဟစ်ရင်း မောပန်းသည်အထိ ကြာပွတ်ဖြင့် ရိုက်နှက်နေလေသည်။ အမှောင်ဝင်လာသည့်အချိန်တွင် သူ၏ တဲငယ်လေးအတွင်းဝယ် ကောင်လေးသည် နာကျင်ပူဆွေးစွာ ငိုကြွေးနေလေ၏။ ညသည် တစ်စတစ်စ နက်ရှိုင်းလာလေပြီ။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ပင်လယ်ပြင်ထက်ရှိ ကောင်းကင်ပြင်တွင် လမင်းကြီးသည် ၀ိုင်းစက်၍ ထိန်ထိန်သာနေသည်။ ဤနေ့သည် လပြည့်နေ့ပင်ဖြစ်လေသည်။ ကောင်လေးက အဘိုးအို၏ စကားကို သတိရလိုက်မိသည်။ သို့သော် ဤသည်မှာ တကယ်တော့ ပုံပြင်တစ်ပုဒ်သာဖြစ်လေသည်။ ထိုသို့တွေးလိုက်မိစဉ်တွင် သူ၏မျက်ဝန်းတွင် မျက်ရည်များ စီးကျလာပြန်သည်။
ထိုစဉ်မှာပင် ဆူဆူညံညံအသံများ ကြားလိုက်ရသည်။ မည်းနက်နက်အရိပ်ကြီးတစ်ခုသည် သူရှိရာဘက်သို့ ပြေးလာနေသည်။ သူက ကြောက်လန့်တကြား လှမ်းကြည့်လိုက်စဉ်တွင်ပင် အရိပ်မည်းကြီးက သူနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာ၏။ မြို့တွင်တွေ့ခဲ့သော ၀က်ဝံကြီးဖြစ်ပေသည်။ ၀က်ဝံကြီးက သူ့အနားသို့လာပြီး သူ့ကို ဆွဲခေါ်နေလေ၏။ နောက်ဘက်တွင် ရွာသားအချို့ကို ဦးဆောင်လာသော မျက်လှည့်ဆရာကို တွေ့လိုက်ရသည်။ ၀က်ဝံကြီး၏ ခြေထောက်တွင် သံခြေကျင်းမှာ ပြတ်ထွက်နေပြီဖြစ်သည်။ ကောင်လေး၏ အာရုံက ရုတ်တရက်ပင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ အနီးရှိ ရဲဒင်းကိုယူပြီး သန်မာပြင်းထန်သော အားဖြင့် သူ၏ခြေကျင်းဝတ်ရှိ သံကြိုးကို ခုတ်ဖျက်လိုက်သည်။
သံကြိုးပြတ်သွားပြီးနောက် မဆိုင်းမတွပင် သူနှင့်ဝက်ဝံကြီးသည် တစ်ဟုန်ထိုး ထွက်ပြေးခဲ့ကြလေသည်။ ရွာသားများသည် ဟိုမှသည်မှ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကို ၀ိုင်းဝန်းဖမ်းဆီးကြလေသည်။ ဓားများလှံများ ကိုယ်စီကိုင်ဆောင်ထားကြ၏။ သူတို့၏ နောက်ကျောတွင် ပင်လယ်ပြင်ကြီးသာ ကျန်ရှိတော့သည်။ ရွာသားများသည် သူတို့ကို အသက်သေသည်အထိ ဒဏ်ခတ်ကြပေတော့မည်။ နောက်ဆုံးအချိန်တွင် ကောင်လေး၏အာရုံအတွင်းဝယ် အဘိုးအို၏ စကားများ ပြန်လည်ကြားယောင်လာလေသည်။ သူက ပင်လယ်ပြင်သို့ မျှော်ကြည့်လိုက်သည်။
လပြည့်ည၏ လရောင်သည် တည်ငြိမ်သော ပင်လယ်ရေပြင်ထက်တွင် ဖြာကျနေသည်။ ငွေမှင်ရောင်ခင်းကျင်းထားသော လရောင်လမ်းသည် ပင်လယ်ပြင်ကိုဖြတ်၍ အဆုံးကို မမြင်ရသောနေရာတစ်ခုဆီသို့ ဦးတည်နေလေသည်။ ကောင်လေးသည် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာချလိုက်၏။ သူက ၀က်ဝံကြီး၏ လက်ကို ဆွဲယူပြီး ပင်လယ်ပြင်ထက်ရှိ ငွေမှင်ရောင်လရောင်လမ်းပေါ်သို့ ရဲဝံ့စွာ ပြေးထွက်ခဲ့လေသည်။ သူတို့နှစ်ဦး၏ လွတ်မြောက်ရာဖြစ်သော လရောင်လမ်းသည် ဖြောင့်ဖြူးငြိမ်သက်စွာ စောင့်ကြိုနေခဲ့၏။ ထို လရောင်လမ်းသည်ပင် သူ၏ တစ်ခုတည်းသော လွတ်မြောက်ရာ ဖြစ်ပေသည်။ လရောင်လမ်းကို သူယုံကြည်ချက်ရှိခဲ့လေပြီ။ လရောင်လမ်း၏ ခရီးဆုံးကို မမြင်တွေ့ရသော်လည်း သူ့တွင် ယုံကြည်မှုရှိခဲ့ပြီဖြစ်၏။ ရွာသားတို့သည် အံ့သြမှင်သက်ခြင်းကြီးစွာဖြင့် ပင်လယ်ပြင်ပေါ် ဖြတ်ပြေးသွားသော ကောင်လေးနှင့် ၀က်ဝံကြီးတို့ကို တိတ်ဆိတ်စွာ ငေးကြည့်နေကြလေသည်။ မကြာခင်တွင်ပင် သူတို့၏မြင်ကွင်းတွင် ဘ၀တူ လူနှင့်တိရိစ္ဆာန်နှစ်ဦးတို့မှာ မှုန်ဝါးဝေးကွာသွားခဲ့တော့သည်။
ထိုနေ့မှစ၍ လပြည့်ည၏ လရောင်လမ်းဒဏ္ဍာရီပုံပြင်ဟောင်းတစ်ပုဒ်သည် ထိုရွာလေးတွင် တသသပြောရသော တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ပြန်ဖြစ်လာခဲ့လေ၏။ ကောင်လေးနှင့်ဝက်ဝံကြီးကို လိုက်ဖမ်းသည့်အထဲတွင် ပါဝင်ခဲ့သော ရွာသားတို့သည် သူတို့၏ မြေးများကို အိပ်ယာဝင်ပုံပြင်အဖြစ်ပြောပြလေ့ ရှိကြသည်။ သူတို့ကလည်း သူတို့၏ မြေးများကို လရောင်လမ်းဒဏ္ဍာရီအား အဆက်ဆက်ပြောပြပြန်သည်။ ခေတ်အဆက်ဆက်တွင် လရောင်လမ်းသည် ဖြစ်ရပ်မှန်မှ ဒဏ္ဍာရီသဖွယ် ပြန်လည်ရွေ့လျောသွားခဲ့ပေသည်။ သို့သော် သေချာသည်က မည်သည့်ခေတ်တွင်မဆို ယုံကြည်ချက်မရှိသူအတွက် လရောင်လမ်းသည် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်အဖြစ်သာ တည်ရှိနေမည်ဖြစ်ပြီး “ယုံကြည်ချက်ရှိသူ” အတွက်မူ စစ်မှန်သော ထွက်မြောက်ရာလမ်းပင် ဖြစ်ပါတော့သည်။
မှတ်ချက်။ ။ Moonpath ဟူသည့်ဝတ္ထုတစ်ပုဒ်၏ ဇာတ်လမ်းကျောရိုးအား မှီငြမ်းရေးသားပါသည်။
◄ တေဇာ ► အောက်တိုဘာ (၁၅) ၂၀၀၉

ပုံပြင်က တကယ့်ကို လန်းတာပဲ။ စူးစူးနစ်နစ်ထိခိုက်မိသွားတယ်။
ReplyDeleteကောင်းလိုက်တာ။ ရင်ထဲမှာတခုခု ကျန်ခဲ့တယ်။
ReplyDeleteကြိုက်တယ်
ReplyDelete