ကိုယ့်ဘ၀အကြောင်းကို
ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်။
ကိုယ့်ဘာသာကိုယ် တွေ့ရမှာက
ကိုယ်အပြစ်ရှိ မရှိ။
ဘ၀၊ ဘ၀၊ ဘ၀၊
ဒီလိုအရွယ် ဒီလိုအမြဲ …
( ၊ ဘ၀ ဘ၀)
ခုဆို စတယ်လာနဲ့ ဘင်ဂျီနဲ့ ပေါင်းလာတာ အနှစ်နှစ်ဆယ်ကျော်ပြီ။ ဒီတော့လည်း ဆီပျောက်မီးပျောက်တွေ များလာတယ်ထင်တယ်။ အင်ဂျင်က သိပ်မညက်ချင်တော့ဘူး။ ပြီးခဲ့တဲ့ လေးငါးနှစ်က ရန်ကုန်ကိုရောက်တော့ သူ့အမေက ကျွန်တော့်ကို ခေါ်ပြောတယ်။ မင်းနှမလည်း ပြောဦးတဲ့။ ဘာလို့လဲဆိုတော့ ဘင်ဂျီအဖေနဲ့အမေက ပြောသတဲ့။ ဘင်ဂျီတို့လင်မယားက လင်လိုမယားလို မနေကြဘူးတဲ့။ လင်လိုမယားလို ဘယ်လိုနေရသလဲလို့ မေးလိုက်ဦးမလို့ပဲ။ လူကြီးကို ပေါက်တတ်ကရမေးရသလားလို့ အပြောခံရမှာ စိုးတာနဲ့ မမေးဖြစ်တော့ဘူး။ အဲဒီတုန်းက အချိန်မရလို့ နှစ်ယောက်စလုံးနဲ့ မတွေ့ခဲ့ရဘူး။ နောက်တစ်ခေါက် ရန်ကုန်ရောက်တော့ ငြိမ်းမောင်တို့နဲ့ ၀ီစကီသောက်နေကြရင်း ဌေးညွှန့်ကပြောတယ်။ ဘင်ဂျီတို့လင်မယားလည်း နည်းနည်းပြောစမ်းပါဦးတဲ့။ ဘာလို့လဲလို့ မေးတော့ မင်းဆွေက၀င်ပြောတယ်။ သူတို့ဟာက မဟုတ်သေးဘူး။ တစ်အိမ်တည်းအတူနေကြပြီး စကားပြောချင်မှ ပြောကြတာတဲ့။ အိပ်တော့လည်း တစ်ခန်းစီတဲ့၊ ပွဲထိုင်တွေဘာတွေကျတော့လည်း အတူတူတက်သတဲ့။ အဲဒါဘာဖြစ်တုန်းက ကျွန်တော်က မေးတော့ မင်းဆွေက ကျွန်တော့်ကို ဘာမျှပြန်မဖြေဘဲ ငြိမ်းမောင်ကိုလှမ်းကြည့်ရင်း ပြောတယ်။ ငါပြောတာ မမှန်ဘူးလား ငြိမ်းမောင်။ ဒီကောင့်ပြောရင် အဲသလို မေးလိမ့်မယ်ဆိုတာတဲ့။ ငြိမ်းမောင်က ပြုံးနေတယ်။ မပေါင်းချင်လည်း မပေါင်းကြနဲ့တော့။ ဘေးလူကြည့်ရတာ အမြင်ရကပ်တယ်လို့ မင်းဆွေက ဆက်ပြောတယ်။ မင်းကို ဘယ်သူက ကြည့်နေခိုင်းလို့လဲ။ မင်းလို တစ်ယောက်မကောင်း တစ်ယောက်ပြောင်းဆိုတဲ့မူ ထားရမှာလားလို့ မေးမှ ဒီကောင် ငြိမ်သွားတယ်။
ဒီတစ်ခေါက်တော့ ရန်ကုန်ရောက်တယ်ဆိုတာနဲ့ မင်းဆွေက ပြောတယ်။ ငါ ဘင်ဂျီကို မကြည့်ရက်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သနားသတဲ့။ ဘာလို့ မင်းက သနားရတာလဲဆိုတော့ ကောင်မက သူ့ကို ဂရုမစိုက်ဘူး။ ငါက ပက်ပက်စက်စက်ပြောချင်နေတာတဲ့။ ဒီတော့ မင်းဆွေကို ပြောရတယ်။ စတယ်လာက ငါ့နှမလို နေလာတာ။ ပက်ပက်စက်စက်ကြီးတော့လည်း မပြောပါနဲ့ကွာ။ နှစ်ယောက်စလုံးကို ငါတွေ့ပါဦးမယ်လို့ ပြောထားရတယ်။ နောက်တော့ သူတို့အခြေအနေ ငြိမ်းမောင်ကို မေးကြည့်ရတယ်။ ငါ့အမြင်ပြောရရင်တော့ စတယ်လာက စီးပွားရေးမှာ သိပ်အောင်မြင်တယ်။ ကုမ္ပဏီတွေ စထောင်ရတဲ့အချိန်မှာ စလိုက်တဲ့သူ့လုပ်ငန်းတွေ အားလုံး အောင်မြင်တယ်။ အီကိုဆင်းလည်း အီကိုဆင်းကိုး။ အင်တာနက်တို့၊ ဂလိုဘယ်အီကိုနိုမီတို့ခေတ်မှာ သူက သိပ်ဟန်တာ။ ဘင်ဂျီကတော့ ပညာရေးဘက်မှာ ကြာတယ်။ ခုတော့ အလုပ်ကထွက်ပြီး သူ့အမေဘက်က စက်တွေ ပြန်ကိုင်တယ်။ စတယ်လာ့ကို ဘယ်မှီမှာလဲ။ နဂိုကတည်းက ဘင်ဂျီ့ကို အထင်မကြီးခဲ့တာတွေလည်း ပါမှာပေါ့။ ခုတော့ ဘင်ဂျီက ဧည့်ခံပွဲတက်ရုံလောက် အသုံးကျတော့တာလို့ ငြိမ်းမောင်က အရှည်ကြီးရှင်းပြတယ်။ ဘင်ဂျီဘက်ကတောင် စိတ်မကောင်းသလို ဖြစ်လိုက်မိတယ်။ ကျွန်တော်လည်း သိချင်တာတစ်ခုကို ရှင်းရှင်းပဲ မေးမိတယ်။ နှစ်ယောက်စလုံး တခြားသူတွေနဲ့များ တွဲနေကြသလားလို့မေးတော့ ဟ အဲဒီလိုတော့လည်း မဟုတ်ကြဘူးလို့ ငြိမ်းမောင်က ဖြေတယ်။ ခဏကြာအောင် သူ့ဘာသာစဉ်းစားပြီးမှ မင်းသိတဲ့အတိုင်းပဲ စတယ်လာက မာတယ်။ အမ်ဘစ်ရှပ်စ် ဖြစ်တယ်။ တော်ရုံကောင် ဘယ်အကပ်ခံမှာတုန်း။ ဘင်ဂျီက ခပ်ပျော့ပျော့ရယ်။ ဘယ်သူ့ကိုမှ ကပ်ရဲတာမဟုတ်ဘူး။ မင်းဆွေကတော့ ဘင်ဂျီကို တစ်ယောက်ယောက်နဲ့ စပ်ပေးမယ်လို့ ကြံနေတယ်လို့ ပြောတယ်။ ဒါနဲ့ပဲ ငြိမ်းမောင်ကို ဖုန်းဆက်ကွာ။ မင်းနဲ့ငါ စတယ်လာကို သွားတွေ့ရအောင်ဆိုပြီး ချိန်းခိုင်းလိုက်တာ။
သူ့ရုံးခန်းမှာ ထိုင်စကားပြောကြတယ်။ ထမင်းစားရင်းစကားပြောရအောင်လို့ သူက ပြောပေတဲ့ စားရင်းသောက်ရင်း အဲဒီလို ခေါင်းရှုပ်တာတွေ မပြောချင်ဘူး။ စားတာသောက်တာအပေါ်မှာ အာရုံမရှိရင် အစားအသောက်ကို စော်ကားသလို နေမှာစိုးလို့ပဲ။ ဒါကြောင့် နင့်ရုံးခန်း လာခဲ့မယ်ဆိုပြီး သူ့ရုံးခန်းကို သွားကြတာ။ ရုံးခန်းမြင်တာနဲ့ စတယ်လာ ဘယ်လောက်အောင်မြင်နေတယ်ဆိုတာ သိနိုင်တယ်။ အတော်ကလေး ပြောဆိုပြီးတော့ ရှင်းရှင်းပဲ မေးလိုက်မိတယ်။ နင် နောက်ယောက်ျားယူချင်လို့လားလို့။ သူက ရယ်တယ်။ ငြိမ်းမောင်ဆီကတောင် မင်းကလည်းကွာဆိုပြီး ဘာအဓိပ္ပာယ်မှ မရှိတဲ့ အာမေဋိတ်သံ ထွက်လာတယ်။ နောက်ယောက်ျားလိုချင်တဲ့အခါ ကိုကို့ဆီ စတယ်လာဖုန်းဆက်လိုက်မယ်လို့ ပြောတယ်။ ငါ့ဆီတော့ မဆက်နဲ့တော့ နင့်ဘာသာ ကြိုက်တာ ရှာယူလို့ပြန်ပြောရင်း ငါတစ်ခုမေးမယ်။ နင် ဟိုကောင်နဲ့ တရားဝင် ကွာရှင်းပြတ်စဲချင်သလားပြော။ ငါဒီရောက်တုန်း အားလုံး မျက်နှာမနာကြရအောင် ၀င်ပြောပေးမယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒါကတော့ သူ့သဘောပဲ။ သူက ကြိုက်လှချည်ရဲ့ဆိုလို့ ယူကြတာ။ သူက မကြိုက်တော့ဘူးဆိုရင်လည်း ကွဲကြရုံပဲလို့ သူက ပြန်ဖြေတယ်။ ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး။ ထပြန်မယ်လုပ်ရင်း ယူတုန်းက နင်သူ့ကို မကြိုက်ဘူးလားလို့ မေးလိုက်မိတယ်။ စတယ်လာက ကြိုက်လှတယ်တော့ မဟုတ်ဘူး။ ကိုကိုက ဘင်ဂျီကို သနားနေတာနဲ့ပဲ စတယ်လာလည်း ကြိုက်လိုက်မိတာလို့ ပြောတယ်။ နောက်တစ်ကြိမ် ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး။ ဒါပေတဲ့ ပါးစပ်က အနှစ်နှစ်ဆယ်ကျော်မှ နင်ပြောရသလားဟယ်လို့ ငြီးသံနဲ့ စကားက ထွက်သွားတယ်။ ကိုကိုက ဘယ်တုန်းက မေးဖူးလို့လဲလို့ သူက ပြန်ဖြေတယ်။
စတယ်လာ့ရုံးခန်းက ဆင်းလာကြတော့ ဓာတ်လှေကားထဲမှာ ငြိမ်းမောင်က ကျွန်တော့်ပုခုံးကို အသာပုတ်ရင်း၊ လောကမှာ မသိလိုက်လို့ မှားမိခဲ့တာတွေ ပြန်တွေးကြည့်ရင် တို့အသက်ရှင်နေရတဲ့ အချိန်ထက်တောင် များဦးမယ်လို့ သူကပြောတယ်။ ဒီကောင့်ပါးစပ်က တစ်ခါတလေ အဲဒီလို အတွေးအခေါ်ပါတဲ့စကား ထွက်တတ်တယ်။ အဲဒီနေ့ ညနေဘက်တော့ ဘင်ဂျီနဲ့ တွေ့ဖြစ်တယ်။ ရိုင်ရယ်ဂါးဒန်းမှာ ငြိမ်းမောင်ရယ်၊ မင်းဆွေရယ်၊ ဌေးညွန့်ရယ်ပါတယ်။ ဘင်ဂျီက နောက်ဆုံးမှ ရောက်လာတယ်။ ကျွန်တော်က လွဲလို့ အားလုံး သောက်နေကြပေတဲ့၊ ကျွန်တော်က မသောက်သေးဘဲ သူ့အလာကို စောင့်နေတယ်။ အစားအသောက်ကို မစော်ကားချင်လို့။ သူရောက်လာတာနဲ့ ကျွန်တော်က ဘင်ဂျီ၊ မင်းနဲ့ငါ စကားအခံတွေ ပြောနေစရာ မလိုဘူး။ ဒီတော့ တည့်တည့်ပဲမေးမယ်။ မင်းစတယ်လာနဲ့ ကွာချင်သလားလို့ မေးလိုက်တယ်။ ဘင်ဂျီက အံ့အားသင့်သွားပုံ ရတယ်။ ပြီးတော့ မကွာချင်ပါဘူး။ ဘာဖြစ်လို့လဲလို့ ပြန်မေးတယ်။ ကျွန်တော်က ဘယ်လိုလဲဆိုတဲ့ သဘောမျိုးနဲ့ မင်းဆွေကို ကြည့်လိုက်မိတယ်။ အားလုံး ငြိမ်နေတယ်။ နောက်ခဏကြာတော့ ဘင်ဂျီကပြောတယ်။ ကျွန်တော်တို့နှစ်ယောက်အကြားမှာ လင်လိုမယားလို မနေကြတာက လွဲလို့ ဘာမှ ပြဿနာမရှိဘူး။ သူ့ကို ပြောစရာအပြစ်လည်း မရှိဘူး။ အခြေအနေတွေ ပြောင်းလဲသွားလို့ သူ့အနေနဲ့ ကျွန်တော့်အပေါ် အရင်ကလို မမြင်တော့တာဟာ သူ့အခွင့်အရေးပဲ။ တကယ်တော့ အမှားက ကျွန်တော့်အမှားပဲတဲ့။
ဘင်ဂျီက ခဏနားရင်း ဘီယာသောက်လိုက်တယ်။ သူ့ဘေးနားမှာထိုင်နေတဲ့ မင်းဆွေက အံ့သြသွားပုံရတယ်။ ဘာကွလို့ မေးတယ်။ ဘင်ဂျီက မင်းဆွေကိုလှည့်ကြည့်ရင်း ကျွန်တော်က သူ့ကို ချစ်မိခဲ့တာဟာ ကျွန်တော့်အမှားပဲပေါ့။ အစကတည်းက သူက ကျွန်တော်ချစ်သလိုမှ ကျွန်တော့်ကို ပြန်မချစ်ခဲ့တာ။ အဲဒါကို ကျွန်တော်သိနေတော့ သူ့ကို အပြစ်တင်နေလို့ ဘယ်ဖြစ်တော့မှာလဲလို့ ပြောတယ်။ မင်းဆွေက ခေါင်းခါတယ်။ ဘာမျှတော့ ပြန်မပြောဘူး။ ဘင်ဂျီကပဲ ဆက်ပြောတယ်။ ကျွန်တော့်အနေနဲ့ သူ့ကိုချစ်မိခဲ့တာဟာ အမှားပဲလို့ သိနေတော့ သူ့ကို မုန်းလိုက်ရမယ်ဆိုရင် နောက်ထပ်အမှားတစ်ခု ကျူးလွန်ရမှာနဲ့ တူနေတယ်။ အမှားဆိုတာဟာ ပထမဆုံးအကြိမ်မို့ မှားတတ်ကြတာမဟုတ်ဘူးလား။ တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်မှားဖို့ မသင့်ဘူး။ ဘင်ဂျီပြောနေတုန်း ဌေးညွန့်က မင်းက မင်းကျူးလွန်မိတဲ့အမှားကို သိမ်းထားချင်တာလားလို့ ပြုံးပြီး မေးလိုက်တယ်။ ဘင်ဂျီက ဘီယာတစ်ငုံ ထပ်ငုံပြီးမှ သိမ်းထားချင်လို့တော့ မဟုတ်ဘူး။ မသိလို့ဖြစ်ခဲ့မိတဲ့ အမှားတစ်ခုအတွက် နောက်ထပ်အမှားတစ်ခု ထပ်မဖြစ်ချင်တော့လို့ပဲ။ နောက်ထပ်အမှားတစ်ခု ဖြစ်လာရင် အဲဒီအမှားဟာ အမှားသစ်တစ်ခုပဲ ဖြစ်လာမှာ မဟုတ်ဘူးလားလို့ သူကဖြေတယ်။
ကျွန်တော်ကတော့ ဒုံးဝေးတယ်ပဲပြောပြော သိပ်သဘောမပေါက်ဘူး။ ဘေးနားမှာထိုင်နေတဲ့ ငြိမ်းမောင်ကို လှည့်ကြည့်လိုက်မိတယ်။ ငြိမ်းမောင်က ၀ီစကီကိုအသာစုပ်ပြီး အရသာခံသောက်နေရင်း ကျွန်တော့်ကို မချိပြုံးပြုံးပြတယ်။ ပြီးတော့ ၀ီစကီပုလင်းကို လှမ်းယူလိုက်ရင်း ကျွန်တော့်ဖန်ခွက်ထဲ ထည့်ရတော့မလားဆိုတဲ့ ဟန်မျိုး လုပ်ပြတယ်။ ကျွန်တော်က ခေါင်းကို ဖြည်းဖြည်းခါလိုက်ရင်း၊ ဘင်ဂျီကိုကြည့်လိုက်ရင်း ဘင်ဂျီ ငါ့ကို မင်းတပည့်လေးတစ်ယောက်လို သဘောထားပြီး ခုနပြောတာကလေး ရှင်းပြစမ်းပါလို့ လှမ်းပြောလိုက်မိတယ်။ ဘင်ဂျီက အဖြစ်အပျက်ကလေးတစ်ခု ပြောပြမယ်လို့ စကားခံရင်း၊ ဘီယာတစ်ငုံထပ်သောက်လိုက်တယ်။ ပြီးတော့ စကားစတယ်။ တစ်ခါတုန်းက အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချစ်နေမိတယ်။ ဒါပေတဲ့ အဲဒီအမျိုးသားက ဖွင့်မပြောဘူး။ မပြောတာက ကျွန်တော့်လို ပြောရမှာ ကြောက်လို့ မဟုတ်ဘူး။ ဖွင့်ကို မပြောချင်တာ။ ပြောလိုက်ရင် ယောက်ျားတစ်ယောက်ရဲ့သိက္ခာ ထိခိုက်မယ် ထင်လို့လို့ ဘင်ဂျီကပြောရင်း ဘီယာခွက်ကို လှမ်းယူလိုက်တယ်။ ဘင်ဂျီဘေးနားမှာထိုင်နေတဲ့ မင်းဆွေက ပြုံးစိစိလုပ်နေတယ်။ ခွေးမသား ဘာရီတာလဲလို့ ကျွန်တော်က လှမ်းပြောလိုက်တော့ သူက ကျွန်တော့်ကို ဘာမျှပြန်မပြောဘဲ ဟေ့ ငြိမ်းမောင် နောက်ပိုင်း ဒီထက်ကောင်းဦးမှာလို့ လှမ်းပြောတယ်။ ဘင်ဂျီက ဘီယာသောက်ပြီးတော့ စကားပြန်ဆက်တယ်။
တစ်နေ့တော့ အဲဒီအမျိုးသားကို အမျိုးသမီးက သူအိမ်ထောင်ပြုတော့မယ်လို့ ပြောတယ်။ ဘယ်သူနဲ့လဲလို့ အမျိုးသားကမေးတော့ အမျိုးသမီးက သူယူမယ့်သူ ဘယ်သူဆိုတာ ပြောတယ်။ အမျိုးသားက ဘာလို့ယူမှာလဲလို့ မေးတော့ အမျိုးသမီးက သူအိမ်ထောင်ပြုချင်တယ်။ ချမ်းချမ်းသာသာနေချင်တယ်လို့ ပြောတယ်။ အမျိုးသားက ကောင်းသားပဲလို့ ပြောတယ်။ အဲဒါနဲ့ပဲ အမျိုးသမီးက သူပြောတဲ့လူနဲ့ ယူသွားတယ်။ အမျိုးသားရဲ့ မိတ်ဆွေတွေက သူတို့သူငယ်ချင်းကို မင်းကဘာလို့ ထုတ်မပြောသလဲလို့ မေးတော့ အမျိုးသားက ဖြေလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ သွားတော့မယ်ဆိုတဲ့လူကို ဘာဖြစ်လို့ တားနေမှာလဲတဲ့။ ဘင်ဂျီက စကားကိုရပ်ပြီး ဘီယာသောက်နေတယ်။ ဇာတ်လမ်းကလေးကတော့ ဒါပါပဲ မောင်ညီမလေးတို့ရေလို့ ဌေးညွန့်ဆီက အသံထွက်လာတယ်။ နေဦး ဇာတ်လမ်းက မဆုံးသေးဘူးလို့ မင်းဆွေက ၀င်ပြောတယ်။ ဘင်ဂျီက ဘီယာခွက်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး စကားဆက်ပြန်တယ်။ အဲဒီ အမျိုးသမီးက ကျွန်တော်နဲ့ ဆွေမျိုးနီးစပ်တော်တယ်။ သူနဲ့ယူလိုက်တဲ့လူက တကယ်တော့ ရုပ်ရည်လည်း မရှိလှဘူး။ ပညာတို့၊ ဥစ္စာတို့ဆိုတာလည်း သူ့ကိုကြိုက်နေတဲ့ လူလို ပြည့်ပြည့်စုံစုံမဟုတ်ဘူး။ အဲဒီအမျိုးသမီးကိုယ်တိုင်ကလည်း ကြိုက်လှတာ မဟုတ်ဘူး။ ဒီအကြောင်းတွေ သိနေတော့လည်း ကျွန်တော့်ရင်ထဲမှာ ဘာလို့များ ဒီလူကို သူယူတာပါလိမ့်ဆိုတာ သိပ်သိချင်တာပဲ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူ့ယောက်ျားဆုံးသွားတာနဲ့ သူ့ကိုမေးကြည့်ဖို့ အခွင့်အရေးရလို့ မေးကြည့်လိုက်တယ်။ သူက ၀န်ခံတယ်။ သူယူလိုက်တဲ့ယောက်ျားကို သူကချစ်လို့ မဟုတ်ဘူးတဲ့။ ဒီလိုဆို ဘာဖြစ်လို့ ဒီလူနဲ့ယူမယ်လို့ တခြားတစ်ယောက်ကိုပြောတာလဲလို့ ထပ်မေးမိပြန်တယ်။ သူကပြောတယ်။ တကယ်တော့ ဒီလူနဲ့ယူမယ်လို့ ပြောလိုက်ရင် သူ့ကိုတကယ်ကြိုက်နေပြီး သူကလည်း ကြိုက်နေမိတဲ့လူက ဟိုလူ့ကိုတော့ မယူပါနဲ့၊ သူနဲ့ယူပါလို့ ပြောလိမ့်မယ်လို့ သူက ထင်နေခဲ့မိတာ။ ဒါကြောင့်လည်း ပြောလိုက်တာပဲ။ ဒါပေတဲ့ ဟိုလူက ကောင်းသားပဲလို့ ပြောလိုက်တော့ သူပြောမိတဲ့စကားအပေါ် သူ့ဘာသာ သိက္ခာဆည်တဲ့အနေနဲ့ ဟိုတစ်ယောက်ကို မျက်စေ့မှိတ် ယူလိုက်ရတာပဲတဲ့။
ဘင်ဂျီက စကားပြောတာ ခဏရပ်လိုက်ပြီး ဖန်ခွက်ထဲက ဘီယာအကျန်တွေကို တစ်ခါတည်း မော့လိုက်တယ်။ မင်းဆွေကတော့ သူ့အပေါ် မျက်ခုံးပင့်ပြီး ပြုံးစေ့စေ့လုပ်နေတယ်။ ဌေးညွန့်က ဘာတုန်းကွလို့ အင်္ဂလိပ်လိုတစ်ဝက် မြန်မာလိုတစ်ဝက်နဲ့ လှမ်းမေးလိုက်တယ်။ ဘင်ဂျီက ပုဇွန်ကြော်ရဲ့အမြီးကို လက်နဲ့ကိုင်ထားရင်း သွားတော့မယ်လို့ပြောတိုင်း သွားချင်လို့မဟုတ်ဘူး၊ တားစေချင်လို့ပြောတာလည်း ဖြစ်နိုင်တယ်ဆိုတာ ထည့်စဉ်းစားခဲ့ရင် နောက်ထပ်အမှားတစ်ခု ကျူးလွန်သလို မဖြစ်တော့ဘူးပေါ့လို့ ပြန်ပြောတယ်။ ငြိမ်းမောင်ကို ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ သူက သူ့ဖန်ခွက်ထဲကို ၀ီစကီထပ်ဖြည့်မယ်လို့ ပုလင်းကို ကိုင်ထားရင်းက ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်က ကျွန်တော့်ရှေ့မှာရှိတဲ့ ၀ီစကီခွက်လွတ်ကို လှမ်းယူလိုက်ပြီး ပါးစပ်က ဘာမျှမပြောဘဲ ငါ့ခွက်ထဲလည်းထည့်ဆိုတဲ့ သဘောမျိုးနဲ့ သူ့ရှေ့နားမှာ ချလိုက်တယ်။ ပါးစပ်ပိတ်ပြီး မချိပြုံးပြုံးလိုက်မိတယ်။ ငြိမ်းမောင်က ဖြည်းဖြည်းချင်း ခေါင်းညိတ်နေတယ်။ ခုလိုအချိန်မျိုး၊ အနေအထားမျိုးမှာတော့ ကျွန်တော့်အနေနဲ့ ပထမဆုံးအကြိမ်မို့ မှားလိုက်ရတယ်ဆိုတဲ့ ဘယ်လိုအမှားသစ်မျိုးကိုမျှ ထပ်ပြီးမမှားမိရင် အကောင်းဆုံးပဲ မဟုတ်ဘူးလား။ ကျွန်တော့် ဖန်ခွက်ထဲကို ငြိမ်းမောင်ထည့်ပေးလိုက်တဲ့ ၀ီစကီတွေဟာ ကျွန်တော့်ဖန်ခွက်ထဲမှာ ရေဖြစ်မသွားဆိုရင်ဘဲ အမှားတိုင်း၊ အမှားတိုင်းရဲ့နောက်မှာ အမှန်တရားဆိုတာ ရှိသေးတယ်လို့ပဲ ပြောရမှာ မဟုတ်ဘူးလား။
◄ မြင့်သန်း ►
စတိုင်သစ်၊ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ။
ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်။
ကိုယ့်ဘာသာကိုယ် တွေ့ရမှာက
ကိုယ်အပြစ်ရှိ မရှိ။
ဘ၀၊ ဘ၀၊ ဘ၀၊
ဒီလိုအရွယ် ဒီလိုအမြဲ …
( ၊ ဘ၀ ဘ၀)
စတယ်လာနှင့် စကားပြောရတာကိုက သိပ်အမြီးအမောက် မတည့်ချင်တော့ဘူး။ ကျွန်တော်ပြောခဲ့ဖူးတဲ့ စကားတွေနဲ့ ကျွန်တော့်ကို ပြန်ချည်တယ်။ ငြိမ်းမောင်ကိုတောင် လှမ်းပြီး တိုင်တည်နေသေးတယ်။ မဟုတ်ဘူးလား။ ကိုငြိမ်း၊ ကိုတို့ပြောဖူးတယ်မဟုတ်လား။ သွားတော့မယ်ဆိုတဲ့လူကို ဘာဖြစ်လို့ တားနေမှာလဲ ဆိုတာလေလို့ သူက ပြောနေပြန်တယ်။ ကျွန်တော်က ငြိမ်းမောင်ကို လှမ်းကြည့်လိုက်တယ်။ ငြိမ်းမောင်က ကျွန်တော့်ကို ပြုံးပြတယ်။ ဘာမျှတော့ ပြန်မပြောဘူး။ ငါ နင့်ဆီလာတာ နင်တို့လင်မယားအကြောင်း ပြောဖို့လာတာ။ ငါ့အကြောင်းတွေ ရေနှူးခိုင်းဖို့လာတာ မဟုတ်ဘူးလို့ပြောတော့ စတယ်လာက ပြုံးစိစိလုပ်နေတယ်။
ဒီလို။ ရန်ကုန်ရောက်တော့ မင်းဆွေတို့၊ ဌေးညွှန့်တို့က စတယ်လာတို့လင်မယားအကြောင်း၊ မင်းနည်းနည်းလောက် ၀င်စမ်းပါဦးလို့ ပြောပြန်တယ်။ ဘယ်လင်မယားကြားမှ ငါမ၀င်ချင်ဘူးလို့ ပြောပေတဲ့၊ မင်းပေးစားထားတဲ့ လင်မယား၊ မင်းမ၀င်ရင် ဘယ်သူဝင်မလဲလို့ မင်းဆွေက ကျွန်တော့်ကိုချည်တယ်။ အဲဒီတုန်းက ငြိမ်းမောင်ကလည်း ထောက်ခံတယ်။ နှစ်ယောက်စလုံးက မင်းစကားပဲ နားထောင်မှာလို့ ပြောတယ်။ ခက်တာက စတယ်လာတို့လင်မယား ညားတဲ့ကိစ္စမှာ ကျွန်တော်နဲ့ပတ်သက်သလို ဖြစ်နေတယ်။ စတယ်လာက ငယ်ငယ်ကတည်းက ကျွန်တော့်နှမလိုပဲ။ ငယ်ငယ်ကတည်းက သူက ကျွန်တော့်ကို ကိုကိုလို့ခေါ်လေ့ရှိတယ်။ သူ့အမေအဖေက ပြောလို့ဆိုလို့မရတဲ့အခါတိုင်း သားရေ၊ မင်းနှမကို နည်းနည်းဆူစမ်းပါဦးဆိုပြီး ကျွန်တော့်ကို စစ်ကူခေါ်လေ့ရှိတယ်။ ကျွန်တော်ပြောတာကို နားထောင်တတ်ပေတဲ့ စတယ်လာက ဆင်ခြေများတယ်။ တစ်ခါတလေတော့ မနိုင် နိုင်တဲ့နည်းသုံးပြီး ပြောရတယ်။ ပြောမရရင် ငါက ထပြီး နားရင်းအုပ်မှာ ဆိုတော့မှ ငြိမ်တယ်။ သူက အဲဒါမျိုးတွေ မကြိုက်ဘူး။ ဆင်ခြေဆင်လက်နဲ့ ငြင်းမယ်ဆိုရင် တစ်နေကုန်ထိုင်ငြင်းချင်တဲ့ လူမျိုး။
စတယ်လာကို အောင်ကျော်အေးက ကြိုက်တယ်။ ဒီကောင်က ကျွန်တော်တို့ ကျောင်းကပဲ။ ကျွန်တော်တို့ထက် သုံးတန်းငယ်တယ်။ ကျွန်တော်တို့က သူ့ကို ဘင်ဂျီလို့ပဲ ခေါ်လေ့ရှိတယ်။ ခရစ်ယာန်ကျောင်းတုန်းက သူ့နာမည်က ဘင်ဂျမင် အောင်ကျော်အေးကိုး။ အောင်ကျော်အေးဆိုတာက သူ့အဖေနာမည် မဟုတ်ဘူး။ မိသားစုနာမည် ဆာနိမ်းဆိုတာမျိုး မဟုတ်ဘူး။ သူ့အဖေက ဦးဖေသွင်ဘီစီအက်စ်။ ကျွန်တော့်အဖေနဲ့ ခင်တယ်။ အဖေစီမံပေးဖို့ပဲ ကျွန်တော်တို့ကျောင်းကို ဒီကောင် ၀င်ခွင့်ရတာ။ အောင်ကျော်အေးဆိုတဲ့ နာမည်ကတော့ ဒီကောင်မွေးတုန်းက အဖေ့မိတ်ဆွေ အန်ကယ်ဦးမောင်ကြီးက ပေးတဲ့နာမည်။ အန်ကယ်ဦးမောင်ကြီးက အရှေ့တိုင်းအနောက်တိုင်း ဗေဒင်တို့၊ နက္ခတ်တို့ အတော်ကြီး ကျွမ်းတယ်။ ဆူးလေဘုရားအ၀ိုင်းမှာ သာသနမုခ ဆိုပြီး စာအုပ်ဆိုင်ကလေး ဖွင့်ထားတယ်။ ၀ါသနာအရ လုပ်တာ။ အန်ကယ်ဦးမောင်ကြီး အပြောအရတော့ ဒီကောင့်ကိုနာမည်ပေးတာ အီဂျစ်တွေရဲ့နည်းကို မြန်မာအက္ခရာနဲ့ အခြေခံပြီး ပေးလိုက်တာပဲတဲ့။ စ-ဆုံးညှပ် ကံထပ်နည်းဆိုလားပဲ။ အစအက္ခရာကို အဆုံးနဲ့ ညှပ်ရသတဲ့။ မြန်မာအစဉ်အလာ နည်းထဲကဆိုရင်တော့ မညှိုးလုံးနည်းနဲ့ ဆင်ဆင်တူသတဲ့။ ရှင်းရှင်းပြောရရင် ကျွန်တော်က အဲဒါတွေ နားမလည်ဘူး။ နားလည်အောင် မလုပ်ချင်ဘူး။ နာမည်မှာ ဘာပါတာမှတ်လို့ ဆိုတာပဲ လက်ခံတယ်။ နှင်းဆီကို ဘယ်လိုခေါ်ခေါ် မွှေးမှာပဲလို့ တချို့ကဆိုတယ်။ ကျွန်တော့်အတွက်တော့ နှင်းဆီမှာ ဆူးပါသမို့ စူးတော့စူးမှာပဲလို့ပဲ မှတ်ထားလိုက်တယ်။
ဒီတော့လည်း သူ့ကို ကျွန်တော်တို့အားလုံးခေါ်သလို ဘင်ဂျီလို့ပဲ ခေါ်ကြစို့ရဲ့။ ဘင်ဂျီက ဝေဒနာနဲ့မွေးလာတဲ့ အကောင်လို့ပဲ ခေါ်ရမယ်။ အကောင်းဝေဒနာ၊ အဆိုးဝေဒနာ အားလုံးစုံတယ်လို့ ပြောရမှာပဲ။ ကျောင်းကတည်းက သူ့ထက်အတန်းကြီးတဲ့သူတွေနဲ့ပဲ ပေါင်းတယ်။ တက္ကသိုလ်ရောက်တော့ ကျွန်တော်တို့နဲ့ ဆက်ပေါင်းတယ်။ ကျွန်တော်တို့အကြားမှာ ခင်ဗျားကျွန်တော်လို့သုံးပြီးပြောတာ သူတစ်ယောက်တည်းပဲ။ ကျွန်တော်တို့အိမ်လာရင်း စတယ်လာနဲ့ တွေ့တာ။ ဆယ်တန်းလောက်ကတည်းက သူက ကြိုက်တာ။ ဒါပေတဲ့ သူက ပြောရဲဆိုရဲတဲ့အကောင် မဟုတ်ဘူး။ မင်းဆွေတို့ ငြိမ်းမောင်တို့က ၀ိုင်းလှော်ပေတဲ့လည်း ဒီကောင်က မလှုပ်ဘူး။ ချစ်တယ်ဆိုတာကို မပြောရဲတာနဲ့ မပြောချင်တာ မတူဘူးလို့ ကျွန်တော်က သူ့ကို အကြိမ်ကြိမ်ပြောပြ ဖူးတယ်။ စတယ်လာ့ကို မင်းရည်းစားစကားမပြောရင် ငါ ကားတင်ပြေးမလား စဉ်းစားနေတယ်လို့ ဌေးညွန့်က ချောက်တယ်။ အဲဒီတုန်းက သူ့မှာ ဌေးညွန့်ကို ခြေသလုံးဖက်မတတ် တောင်းပန်တယ်။ ညနေတိုင်း ဘီယာသောက်ဖို့ပိုက်ဆံမရှိကြရင် ဌေးညွန့်တို့က စတယ်လာ့ကို ကားတင်မပြေးစေချင်ရင် ဘီယာတိုက်ဆိုလို့ သူ့ခမျာ အတော် ပိုက်ဆံကုန်လိုက်သေးတာ။
ဘင်ဂျီရော စတယ်လာပါ တစ်နှစ်တည်း ဆယ်တန်း အတူအောင်ကြတယ်။ အဲဒီတုန်းက ကျွန်တော် အတော့်ကို ဒုက္ခရောက်ရသေးတယ်။ ဒီကောင်က ကျောင်းဆရာဖြစ်ချင်တယ်။ ဒီတော့ ဘီအီးဒီတက်မယ်။ စတယ်လာက စီးပွားရေးလုပ်ချင်တယ်။ ဒီတော့ အီကိုလျှောက်တယ်။ သူတို့အိမ်တွေက သူတို့နဲ့ သဘောမတူဘူး။ ဒီတော့ မင်းကြည့်ပြောစမ်းပါဦးလို့ ကျွန်တော့်ကို ခေါ်ပြောကြပြန်တယ်။ ဘင်ဂျီအဖေက သူ့သားကို သူ့လို ဥပဒေယူစေချင်တယ်။ ဘာရက်စတာတွေ ဘာတွေ ဖြစ်စေချင်တယ်။ ဟိုကောင်က မယူဘူး။ ကျောင်းဆရာ အလုပ်က သမ္မာအာဇီဝဖြစ်တယ်ပြောလို့ သူ့အဖေနဲ့ အတော်စကားများရသေးတယ်။ စတယ်လာက ဆေးကျောင်းဝင်နိုင်ပေတဲ့ လူမမာတွေနဲ့ စကားမပြောချင်ဘူး။ စာတွေချည်းနင်းကျက်ပြီး ဆင်ခြင်တုံတရားကို အသုံးသိပ်မချတတ်တဲ့လူတွေနဲ့ သိပ်မပေါင်းချင်ဘူးတဲ့။ ခက်နေတာက သူ့အမေက ဆရာဝန်မကြီး။ သူ့အဖေကတော့ သမီးကို ချစ်လွန်းလို့ အီကိုမှာ တက်ခွင့်ပေးလိုက်တယ်။ အီကိုမှာက ဆင်ခြင်တုံတရားတင် အရေးပါတာမဟုတ်ဘူး။ ပါဆွန်နယ်လတီပြိုင်ဆိုင်မှုလည်း ရှိသေးသတဲ့။ ဒီအပိုင်းတော့ ကျွန်တော်လည်း သိပ်မသိဘူး။ အီကိုနဲ့ပတ်သက်ပြီး အီကိုကကောင်မလေးတွေ ချောတယ်ဆိုတာလောက်အထိပဲ ကျွန်တော်သိတယ်။
ဘင်ဂျီအတွက်တော့ တက္ကသိုလ်ရောက်လည်း ရောက်ရောက်ပဲ။ ဘာအသံမှ မထွက်ဘူး။ စတယ်လာ့ကို လိုက်တဲ့ကောင်တွေက များတယ်။ အဲဒီသတင်းမျိုးကြားရင် ဒီကောင့်မှာ နေမရ၊ ထိုင်မရနဲ့ ဖင်ကြားထဲ ခဲခုသလို ဖြစ်ရော။ ဒီကောင့်ကို ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်ဆိုပြီး လက်သီးပုန်းတွေ ပြတတ်တယ်။ အဲသလိုအခါမျိုးမှာ မင်းဆွေက နောက်တယ်။ စောစောကတည်းက မင်းသာ ဥပဒေယူရင် တစ်ခုခုလုပ်လို့ရတယ်ကွ။ ခုတော့ မင်းက ကျောင်းဆရာလောက်ဖြစ်ချင်တာ ဆိုတော့လည်း လေနဲ့ပဲကြိမ်းလို့ ရတာပေါ့လို့ ပြောလေ့ရှိတယ်။ ကျွန်တော်တို့အိမ်ကို စတယ်လာလာတဲ့အခါ ကျွန်တော်တစ်ယောက်တည်း စစ်တုရင်ကစားနေတာတွေ့ရင် သူက ၀င်ကစားလေ့ရှိတယ်။ အဲဒီလိုအခါမျိုးကျရင် ကစားရင်း သူ့ကို ဘင်ဂျီ အကြောင်း ရေလာမြောင်းပေး ကျွန်တော်က ပြောလေ့ရှိတယ်။ နောက်တော့ သူက ပြောင်ပြောင်ပဲ မေးတယ်။ ကိုကိုက စတယ်လာ့ကို ဘင်ဂျီနဲ့ ကြိုက်စေချင်တာလားတဲ့။ ငါက ကြိုက်ပါလို့ မပြောပါဘူး။ ဒါပေတဲ့ ဘင်ဂျီကတော့ နင့်ကို တကယ်ကြိုက်တာ။ ငါက သူ့ကို သနားတာပါလို့ ပြောလိုက်တယ်။ ကိုကိုက ဘယ်လိုလုပ် သိသလဲလို့ သူက ကွန့်ပြန်တယ်။ ဟဲ့၊ သူကပြောလို့ ငါကသိတာပါလို့ ကျွန်တော်ကဖြေတော့ သူက ရယ်တယ်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို နောက်တစ်ယောက်က မသိနိုင်ဘူးလို့ သူကပြောတယ်။ ဒါတော့လည်း ဟုတ်ပါတယ်လို့ ကျွန်တော်က ၀န်ခံရတယ်။ စတယ်လာက အဲဒီလိုမျိုးတွေနဲ့ လေများလာရင် ကျွန်တော်လည်းနားရှုပ်ပြီး ကျွန်တော့်ဘုရင်မကြီး သူ့ဆီ ပါသွားပါလေရော။