
အိပ်မက်အကြောင်းမပြောခင် ကျွန်တော့်အကြောင်းတော့ နည်းနည်းရှင်းပြဖို့ လိုလိမ့်မယ်ထင်တယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျွန်တော်ဟာ မိသားစုနဲ့အတူ ပြင်သစ်ပြည် တောင်ပိုင်းကိုဖြတ်ပြီး အီတလီက ကားမောင်းပြန်လာခဲ့ပါတယ်။ ကျွန်တော့်သားက ကားမောင်းမသင်ရသေး၊ သမီးကလည်း အလွန်ငယ်၊ ဇနီးကတော့ တစ်ခါမျှ ကားမောင်းလေ့မရှိတဲ့ လူတစ်ယောက်ပါ။ သီတင်းပတ်သုံးပတ်အတွင်း အချိန်အတော်များများမှာ ကျွန်တော်ဟာ လက်နဲ့စတီယာရင်နဲ့ သိပ်မခွာရသလောက် ကားချည်းပဲ မောင်းနေခဲ့ ရပါတယ်။ ပင်ပန်းနွယ်နယ်နေတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။ ကားအကြောင်းကလွဲလို့ ကျန်တာ ဘာတစ်ခုမျှ စဉ်းစားလို့မရလောက်အောင်ပဲ။ အိပ်မက်မက်တဲ့ညက ရပ်နားခဲ့တဲ့ မြို့ကတော့ ဟားမင်းတေ့လို့ခေါ်တဲ့ မြို့ပါပဲ။
ကျွန်တော့်အိပ်မက်က ဒီလို။ ကျွန်တော်ဟာ နို့နှစ်ရောင်ရှိတဲ့ အင်ဂျင်ကောင်းကောင်းကားကြီးတစ်စီးပေါ်မှာ ထိုင်ပြီး နိုင်ငံကိုဖြတ်ပြီး အပြင်းမောင်းနှင်နေတယ်။ လမ်းကွေ့တစ်ခုရောက်တဲ့အခါ ကျွန်တော့်ရှေ့မှာ လော်လီကားအကြီးကြီးတစ်စီး ရှိနေပါတယ်။
ကျွန်တော့်ခြေထောက်က ဘရိတ်ဆီကို စမ်းလိုက်ပေမယ့် လေကိုသာနင်းမိပါတယ်။ အလန့်တကြားနဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့… လားလားဘရိတ်မှမရှိဘဲ။ အဆိုးဆုံးကတော့ ကျွန်တော့်လက်ကလည်း ဘာမျှမရှိတဲ့ လေကိုသာကိုင်ထားတာပဲ။ ကိုင်စရာ စတီယာရင်လည်း မပါပါဘူး။ ထိန်းချုပ်မောင်းနှင်စရာပစ္စည်းဆိုလို့ တစ်ခုမျှ မပါတာပါ။ လော်လီကားကြီးရဲ့အနောက်ကို ရောက်လုလုဖြစ်နေပါပြီ။
ကြောက်လန့်တကြား ကျွန်တော် အော်ဟစ်လိုက်ပါတယ်။ တည်ငြိမ်တဲ့အသံတစ်သံ ဘယ်ဘက်ဘေးက ထွက်ပေါ်လာလို့ ကျွန်တော်က ခေါင်းလှည့်ကြည့်လိုက်တယ်။ လူစိမ်းတစ်ယောက် ထိုင်နေတာတွေ့ရပါတယ်။ အသက် ၄၀ ၀န်းကျင် ခပ်ရွှင်ရွှင်လူတစ်ယောက်ပါပဲ။ အကောင်းစား ရှပ်အင်္ကျီကို ၀တ်ထားပြီး ခေါင်းမှာလည်း ဦးထုပ်အနီတစ်လုံး ဆောင်းထားပါတယ်။ သူက အရမ်းမြန်တဲ့ ပြင်သစ်စကားနဲ့ပြောလို့ သူဘာပြောလဲ ကျွန်တော် နားမလည်နိုင်ပါဘူး။ ကျွန်တော့် ပြင်သစ်စကားကလည်း သိပ်မကောင်းလှဘူး မဟုတ်လား။ တကယ်တော့ သူဘာပြောတယ်ဆိုတာလည်း ကျွန်တော်က သိပ်ဂရုစိုက်တာမဟုတ်ပါဘူး။ ကျွန်တော့်မျက်လုံးတွေက စတီယာရင်ကိုကိုင်ထားတဲ့ သူ့ရဲ့ ပြည့်ပြည့်ဖြိုးဖြိုး သန့်သန့်ပြန့်ပြန့် လက်ကြီးဆီကို ရောက်နေပြီ။ ဒီကားက လက်စသတ်တော့ ဘယ်မောင်းကိုး။ ကားကို ထိန်းချုပ်နေတာက သူကိုး၊ ကျွန်တော်မှမဟုတ်ဘဲ။
လမ်းကွေ့တလျောက် ကျွန်တော်တို့က အန္တရာယ်ကင်းကင်းမောင်လာနိုင်ကြတယ်။ ကားကို လမ်းမလယ်ခေါင်ကို ရောက်ဖို့ သူက စတီယာရင်ကို အနည်းငယ် လှည့်လိုက်တယ်။ လော်လီကားကြီးကို ကျော်တက်ရတော့မှာပါ။ အရှေ့ကလမ်းမက ကျယ်ပြန့်ဖြောင့်ဖြူးနေပါတယ်။ နေရောင်ခြည်အောက်မှာ တောက်ပနေပြီး ဘာမှ မရှိသလောက်ပါပဲ။ လူတစ်ယောက်သာ မြင်ကွင်းမှာ ရှိနေတယ်။ အဖြူရောင် အုတ်နံရံကာထားတဲ့ အိမ်သေးသေးလေးတစ်လုံးရဲ့ အပြင်ဘက်မှာ အမျိုးသမီးတစ်ယောက် ထိုင်နေတာကို မြင်ရတယ်။ အိမ်ရှေ့နားကို ကျွန်တော်တို့ ရောက်လုနီးနီးဖြစ်နေပါပြီ။ ပန်းအိုးကို စားပွဲပေါ်မှာတင်ပြီး သူမက ထိုင်ရက်သား ပန်းထိုးနေတယ်။ ပန်းတွေကို ကျွန်တော်တို့ကို ရောင်းချင်တဲ့လက္ခဏာနဲ့ ကျွန်တော်တို့ဆီ ဝှေ့ယမ်းပြနေတယ်။
ဒီမြင်ကွင်းဟာ တစ်နည်းနည်းနဲ့ ကျွန်တော့်ကို ဆိုးဆိုးရွားရွား ကြောက်ရွံ့တုန်လှုပ်မှုဖြစ်လာစေတယ်။ ပန်းတွေကို မြင်ရတာဟာ သေခြင်းတရားရဲ့အထိမ်းအမှတ်နဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးလဲလျောင်းရာနေရာ ဖြစ်လိမ့်မယ်လို့ စိတ်ထဲက ထင်လိုက်မိတယ်။
ဒီအချိန်မှာပဲ ကျွန်တော်တို့ကားဟာ လော်လီကားကြီးနဲ့ အပြိုင်ဖြစ်လာပြီး ကျော်တက်ဖို့အသင့်အနေအထားကို ရောက်လာတယ်။ ဒါပေမဲ့ လော်လီကြီးဟာ ကျွန်တော်တို့ကားရှိရာဘက်ကို တိုးကပ်လာတယ်။ ဒရိုင်ဘာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ပုံပါ။ ကျွန်တော့်နံဘေးက လူစိမ်းဟာ ကျယ်ကျယ်လောင်လောင်အော်ဟစ်ပြီး လမ်းပေါ်ကနေ ဆွဲချလိုက်ပါတယ်။ ဆိုးဆိုးရွားရွား ဆူညံသံတွေ ကားရဲ့နောက်ဘက်ဆီမှ ထွက်လာပြီး ပေါက်ကွဲသံကြီးပါ ကြားလိုက်ရတယ်။ ကမ္ဘာပျက်တဲ့အလား မီးတောက်မီးလျံတွေရဲ့ အသံတွေကိုသာ ကျွန်တော့်နားထဲမှာ ကြားနေရတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် အလန့်တကြား နိုးလာမိပါတယ်။
ဒီအိပ်မက်ကြောင့် ကျွန်တော် အတော်လေး သောကရောက်ရပြီး ပြန်မအိပ်နိုင်တော့ပါဘူး။ ဒါဟာ နိမိတ်ပြတဲ့ သင်္ကေတဖြစ်ဟန်ရှိတယ်။ ကျွန်တော်ဘယ်လိုအဓိပ္ပာယ်ကောက်ရမလဲ။
အိပ်မက်တွေဟာ အနာဂတ်ကိုပြောနိုင်တယ်ဆိုရင်တောင် ဒီအိပ်မက်က ယုတ္တိမရှိလှပါဘူး။ လမ်းရှင်းနေတဲ့ အချိန်မှာ လော်လီကြီးတစ်စီးတွေ့ရင် မကျော်တက်ရတော့ဘူးတဲ့လား။ ပြင်သစ်ကိုသွားတဲ့ အဝေးပြေး လမ်းတလျှောက်မှာ လော်လီတွေ တစ်စီးပြီးတစ်စီး တွေ့ရမှာပါ။ အများစုဟာ မားဆီးလပ် (Marseilles) က လာကြတာဖြစ်ပြီး လမ်းရှင်းတာနဲ့ ကျွန်တော် အမြဲတမ်း ကျော်တက်ခဲ့ရတာပါပဲ။ သူတို့နောက်နားကနေ အမြဲတမ်း ဖြေးဖြေးလေးကပ်လိုက်မနေနိုင်ပါဘူး။ ဒါဟာ နိမိတ်ပြတဲ့အိပ်မက် မဖြစ်နိုင်ပါဘူး။ တကယ်တော့ ဒီအိပ်မက်ဟာ ကိုယ့်ရဲ့ ကြောက်ရွံ့မှုကို ပြန်သိနေတဲ့ မသိစိတ်ရဲ့ အကြောက်တရားတစ်မျိုးက ပြန်ပေါ်လာတာပဲ ဖြစ်နိုင်ပါတယ်။ အဲဒီနောက် ဒီအကြောင်းကို ကျွန်တော် မေ့ပစ်လိုက်ပါတော့တယ်။
လွန်ခဲ့တဲ့ သုံးပတ်လုံးလုံးအတွင်း ကားမောင်းတဲ့အကြောင်းကိုသာ ကျွန်တော်တွေးနေခဲ့ရတာ။ ကျော်တက်ခဲ့တဲ့ လော်လီကားတွေနဲ့ အိမ်သေးသေးဖြူဖြူလေးတွေဆိုတာကို သတိရဖို့ ပင်ပန်းလှပြီ။ နို့နှစ်ရောင်ခြယ်ထားတဲ့ ကားတွေအကြောင်း ကျွန်တော် စဉ်းစားကြည့်သေးတယ်။ မှတ်မှတ်ရရ တစ်စီးမှကို ခေါင်းထဲပေါ်မလာပါဘူး။ အိပ်မက်ထဲက လမ်းမဟာ ပြင်သစ်ပြည်ကလို့ ကျွန်တော် ထင်လိုက်မိတယ်။ ပြင်သစ်ကလမ်းတွေက ရှည်တယ်၊ ဖြောင့်တယ်၊ လူရှင်းတယ်မဟုတ်လား။ ဒါပေမဲ့ နောက်တော့ လော်လီကြီးကို ညာဘက်ခြမ်းကနေ ကျော်တက်ခဲ့တာကို သတိရလာတယ်။ ဒီလိုဆို အိပ်မက်ထဲက လမ်းမဟာ အင်္ဂလန်က ဖြစ်ဖို့ရှိတယ်။ အင်္ဂလန်က လမ်းတွေအကုန်လုံး ဘယ်ဘက်ကပ် မောင်းရတာမဟုတ်လား။ ချက်ချင်းဆိုသလိုပဲ တစ်စုံတစ်ခုကို ကျွန်တော် သတိရလိုက်မိတယ်။

အဲဒီအမေရိကန်က ကားမောင်းတဲ့နေရာမှာ ဂမူးရှူးထိုးမောင်းတတ်သူပါ။ ကျွန်တော် မကျော်ခိုင်းလည်း ကားကို ကျော်ချင်ကျော်တတ်တယ်။ ကျွန်တော်က ညာဘက်မှာ ထိုင်နေသူဆိုတော့ သူ့ထက်ပိုပြီး ကားရှင်းမရှင်း၊ ကျော်သင့်မကျော်သင့် မြင်နိုင်တာပေါ့။ နော်တင်ဂမ် (Nottingham) ကျော်လာပြီးတဲ့နောက်မှာ သူက “ကြက်ကလေး” (Chicken) ကစားနည်းကို စကစားပါတော့တယ်။
“ကြက်ကလေး” ဆိုတဲ့ကစားနည်းကို သိမလား မပြောတတ်ဘူး။ ဒီကစားနည်းက လမ်းမပေါ်မှာ ကားမောင်းရင်း ကစားရတဲ့ နည်းပဲ။ ခရီးရှည်ကားမောင်းရတဲ့အခါ အရမ်းပျင်းရိငြီးငွေ့စရာ ကောင်းတာဆိုတော့လည်း ဒီကစားနည်းက အမေရိကမှာ တစ်စတစ ပိုပြီး လူသိများလာတယ်။ တကယ်တော့ ကစားနည်းက ရိုးရိုးရှင်းရှင်းလေးပါ။ ကားကို လမ်းမလယ်ခေါင်က မောင်းနေရုံပါပဲ။ တခြားကားတစ်စီး မျက်နှာချင်းဆိုင်က ဦးတည်လာနေတဲ့အခါမှာ အဦးဆုံးစရှောင်တဲ့ဒရိုင်ဘာက ကြက်ကလေးပေါ့။ မကြာခဏဆိုသလို ဒရိုင်ဘာနှစ်ဦးလုံးက ခေါင်းမာမာနဲ့ အလျှော့မပေးကြပါဘူး။
ဒီကစားနည်းကို သဘောမကျကြောင်း အမေရိကန်ကို တတ်သလောက်မှတ်သလောက် အင်္ဂလိပ်စကားနဲ့ ပြောပြပေမယ့် သူက နားလည်ပုံမရပါဘူး။ အဲဒီကစားနည်းကို နောက်တစ်ကြိမ်လည်း ဘယ်တော့မှ မကစားခဲ့တော့ဘူး။ ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲမှာ အမှတ်သညာအဖြစ် စွဲသွားပုံရတယ်။ ဒါကြောင့် မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတဲ့အခါ အိပ်မက်ထဲမှာ တစ်ခါထပ်ပေါ်လာပုံပဲ။ မနက်စာစားတဲ့အချိန် ရောက်တော့ တခြားတစ်ချက်တစ်ခုကိုလည်း သတိရလိုက်မိတယ်။ “ကြက်ကလေး” ကစားတဲ့နေ့တုန်းက ထူးထူးခြားခြား လေတွေကြမ်းကြမ်းတမ်းတမ်းတိုက်နေတဲ့နေ့ပဲ။ ချက်စတာဖီး (Chesterfield) မှာ ရပ်နားပြီး အမေရိကန်က ဦးထုပ်တစ်လုံးဝယ်တယ်။ အနက်ရောင်ပါ၊ အနီရောင်မဟုတ်ပါဘူး။ ဒါပေမဲ့ အိပ်မက်ထဲက အသေးစိတ်အချက်အလက်တွေဟာ အတိအကျမှန်တာမျိုးမှ မဟုတ်တာ။ ပြီးတဲ့နောက်တော့ နေ့လည်ခင်းအထိ အိပ်မက်အကြောင်းကို ကျွန်တော့် မေ့သွားပါတော့တယ်။
ပြင်သစ်လော်လီ အကြီးကြီးတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်ကစားနည်းကို ကစားလေ့ရှိကြပါတယ်။ သူတို့က လမ်းမလယ်ခေါင်ကနေ တက်မောင်းနေတယ်။ သူတို့ကိုကျော်မတက်နိုင်ဘူး။ နောက်ကပဲ ကပ်လိုက်နေ ရပါတယ်။ တစ်ခါတလေ ကီလိုဘယ်လောက်မှန်းမသိအောင်ကို မဆုံးနိုင်အောင် အဲဒီလို လိုက်နေရပါတယ်။ လမ်းရှင်းနေပေမယ့်လည်းပေါ့။
ဒီမနက်တော့ အသံမျိုးစုံ ကြောက်ခမန်းလိလိ ထွက်နေတဲ့ကားစုတ်ကြီးနောက်က ကျွန်တော်တို့ လိုက်နေရတယ်။ ကျွန်တော်က ကားဟွန်းတီးလိုက်တော့ ဒရိုင်ဘာက လမ်းတစ်ဘက်ကို ရွှေ့သွားပါတယ်။ ဒါပေမဲ့ မှားနေတဲ့ဘက်ကို ရွှေ့သွားတာပါ။ ညာဘက်ကို ကပ်ပေးရမယ့်အစား၊ ဘယ်ဘက်အတိုင်းကပ်ပြီး မောင်းနေပါတယ်။ ညာဘက်ခြမ်းမှာတော့ သူ့ကိုကျော်တက်ဖို့ လုံလုံလောက်လောက် နေရာလွတ်ရှိပါတယ်။ ဒါပေမဲ့ ဒီလိုကျော်တက်မယ်ဆိုရင် စည်းကမ်းအရ ကျွန်တော့်အမှားဖြစ်မှာပေါ့။ ဒါနဲ့ ကီလိုအတော်များများအထိ သူ့နောက်ကပဲ ကပ်လိုက်သွားလိုက်တယ်။ စိတ်ထဲကလည်း မကျော်နဲ့မကျော်နဲ့လို့ ကိုယ့်ကိုယ်ကို သတိပေးနေရတယ်။
ဒီအခြေအနေကို ရှုထောင့်ပေါင်းစုံက ကျွန်တော် စဉ်းစားအဖြေထုတ်နေမိတယ်။ သူ့လော်လီကြီး မကွေ့နိုင်ခင် ကျွန်တော့်ကားက မြန်မြန်ကွေ့နိုင်တာ အသေအချာပါပဲ။ သူ့ကားကြီးက အရမ်းကြီးပြီး၊ အလေးချိန်လည်း အတော်များများတင်လာတယ်မဟုတ်လား။ သူတစ်ခုခု မလုပ်နိုင်ခင် မြန်နိုင်သမျှမြန်အောင် သူ့ကို ကျော်တက်နိုင်ပါ့မလား။ တကယ်လို့ ကျော်တက်နေတုန်း ညာဘက်ကိုသာ တိုးကပ်လာခဲ့ရင် ကျွန်တော်တို့ကို အလွယ်တကူ သတ်ပစ်လိုက်နိုင်ပါတယ်။ သူက အပျော်သဘောမျိုးလုပ်နေတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ မတော်တဆမှု တစ်ခုခု ဖြစ်ချင်နေတာလားလည်း မပြောနိုင်ဘူး။ သူက ကျွန်တော်တို့ကို တိုက်သတ်လိုက်လို့ ဘယ်သူကမှ သူ့ကို အပြစ်ပြောမှာမဟုတ်ဘူး။ ဥပဒေအရ သူက အမှန်ဘက်မှာရှိနေတယ် မဟုတ်လား။
ရှေ့ကလမ်းမကတော့ ကီလိုမီတာ အတော်များများအထိ ပကတိ ရှင်းလင်းနေပါတယ်။ ကျွန်တော်က လော်လီကြီးနဲ့အတော်လေး ကွာသွားတဲ့အထိ ကားအရှိန်ကို ပိုလျှော့ချလိုက်ပါတယ်။ ထို့နောက်မှာ ကျွန်တော်တက်နိုင်သမျှ အမြန်ဆုံးအရှိန်ကို ပြန်မြင့်လိုက်တယ်။ လော်လီကြီးနောက်က လွတ်နေသေးတဲ့လမ်းကို ဦးတည်ပြီး ကျွန်တော်က မောင်းသွားလိုက်တယ်။ ကျွန်တော့်ကားဟာ တစ်နာရီ ၁၁၀ ကီလိုနှုန်းနဲ့ ရွေ့လျားနေပါတယ်။
ကျွန်တော့်ကားရဲ့ ဘန်ပါဟာ လော်လီကြီးရဲ့နောက်မြီးနဲ့ တပြေးညီနီးပါး ရောက်လာပါပြီ။ ဒီအချိန်မှာပဲ အသက်ရှူရပ်မတတ်မြင်ကွင်းတစ်ခုကို ကျွန်တော့်မြင်ကွင်းမှာ မြင်လိုက်ရတယ်။ လမ်းမနံဘေး မြက်ခင်းပေါ်က အိမ်ဖြူဖြူလေးရဲ့အပြင်ဘက်မှာ ပန်းတွေတင်ထားတဲ့ စားပွဲလေးနဲ့ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။
ဘ၀မှာပထမဆုံးအကြိမ်အဖြစ် တခြားယာဉ်တစ်စီးကို ကျော်ဖို့ပြင်ဆင်နေတုန်း ကျွန်တော်က စိတ်ပြောင်း လိုက်တယ်။ ကျွန်တော့်ရဲ့ခြေထောက်က ဘရိတ်ဆီကို ခပ်ပြင်းပြင်းနင်းလိုက်မိတယ်။ ကားက ဘယ်ညာ ယမ်းထိုးသွားတယ်။ ကျွန်တော့်နောက်ဘက်ဆီကနေ ကျယ်လောင်တဲ့ ဟွန်းသံကို ရုတ်တရက် ကြားလိုက်ရတယ်။ အခြားကားတစ်စီးဟာ ကျွန်တော့်နောက်ကနေ အရှိန်ပြင်းပြင်းနဲ့ လိုက်လာတာကိုး။ အဲဒီကားကို မမြင်ရခင်ဘဲ ကားအရောင်ကို ကျွန်တော် သိလိုက်ပါပြီ။ နို့နှစ်ရောင်ကားပဲ။
ကျွန်တော်က ဘရိတ်ကို ခပ်ကြမ်းကြမ်းဆောင့်နင်းပြီး စတီယာရင်ကို အနည်းငယ် လှည့်လိုက်ပါတယ်။ လော်လီကြီးရဲ့ နောက်ဖျားကို ထိလုထိခင်အနေအထားမှာပဲ သူ့နောက်ကို ကျွန်တော် ၀င်နိုင်လိုက်တယ်။ နောက်ကကားကတော့ ဟွန်းကို ကြမ်းကြမ်းတမ်းတမ်းတီးပြီး ကျွန်တော်တို့ကို ဖြတ်ကျော်သွားတယ်။ သူလော်လီကြီးကို မီလာတာနဲ့တစ်ပြိုင်နက် လော်လီကြီးဟာ သူ့ကားဆီကို တိုးကပ်လိုက်ပါတော့တယ်။
ခဏလောက် ကျွန်တော်စဉ်းစားလိုက်တယ်။ ဒီလောက်မြန်တဲ့အရှိန်နဲ့မောင်းလာတဲ့ ကားဟာ လော်လီကြီးကို အန္တရာယ်ကင်းကင်း ကျော်ဖြတ်သွားနိုင်လိမ့်မယ်။ ဒါပေမဲ့ လော်လီကြီးရဲ့ ခေါင်းဟာ အဲဒီကားရဲ့နောက်မြီးကို ထိမိသွားပါတယ်။ ထိခိုက်မှုက ပွတ်မိတယ်ဆိုရုံလေးဖြစ်ပေမယ့် အဲဒီကားဟာ လမ်းဘေးတစ်ဘက်၊ စားပွဲမှာထိုင်နေတဲ့အမျိုးသမီးရှိရာဘက်ကို လွင့်စင်သွားပါတယ်။
ကားပေါ်က ဒရိုင်ဘာဟာ ဘာလုပ်ရမယ်ဆိုတာ အတိအကျသိတဲ့လူမျိုးဖြစ်ပါတယ်။ လက်ဖျားခါလောက်တဲ့ ကျွမ်းကျင်မှုမျိုးနဲ့ သူက ကားကို လမ်းမလယ်ခေါင်ပြန်ရောက်အောင် ထိန်းသိမ်းလိုက်နိုင်တယ်။ သူ့ရဲ့ စတီယာရင်ကလည်း အံအားသင့်ဖို့ကောင်းလောက်အောင် ကောင်းမွန်ပါတယ်။ ကျွန်တော့်ဟာထက် အပုံကြီးသာတာပေါ့။ သူက လော်လီဒရိုင်ဘာဆီကို ဒေါသတကြီး လက်ဝှေ့ယမ်းပြလိုက်ပြီး ဖုန်လုံးတွေကြားထဲမှာ လျင်လျင်မြန်မြန် မောင်းနှင်သွားတော့တယ်။ မကြာခင်ပဲ ကျွန်တော်တို့မြင်ကွင်းက ပျောက်ကွယ်သွားပါတယ်။
အဲဒီညက ဖောင်တိန်နက်ဘလီယာ (Fontainebleau) စတည်းချကြတယ်။ အဲဒီ ခပ်ကြီးကြီးကားကို ဟိုတယ်အပြင်မှာ ရပ်ထားတာတွေ့ရတယ်။ ကားနောက်မြီးမှာ ဆေးတွေပျက်နေတဲ့ တိုက်မိထားတဲ့နေရာကို တွေ့ရတယ်။ နို့နှစ်ရောင် ကားပါပဲ။ ဒါနဲ့ ကျွန်တော်လည်း ဒရိုင်ဘာကို ရှာလိုက်မိတယ်။ သူက အနီရောင်ဦးထုပ်နဲ့ တန်ဖိုးကြီးရှပ်အင်္ကျီ ၀တ်မထားပါဘူး။
သူက ပဲရစ်က လူငယ်တစ်ယောက်ပဲ။ ကျွန်တော့်အိပ်မက်ထဲက ဒရိုင်ဘာနဲ့ မတူပါဘူး။ သူက အင်္ဂလိပ်စကားပြောတာ ကောင်းတယ်။ ဒါနဲ့ ကျွန်တော်လည်း လော်လီကားကြီးရဲ့ နံပါတ်ကို သိချင်လားလို့ လောကွတ်ပြုလိုက်တယ်။ ကျွန်တော် မှတ်မိတာကိုး။ ပြီးတော့ သူ့ကို လိုလိုလားလားကြီးကို ပြောပြချင်တယ်။ သူက ရယ်ရုံသာရယ်နေတယ်။ ကိုယ်က လမ်းမှန်မှာမဟုတ်တော့ ဥပဒေလည်း ကယ်နိုင်မှာမဟုတ်ဘူး မဟုတ်လား။ သူ့အတွက်တော့ ဒီကိစ္စတစ်ခုလုံးဟာ အပျင်းပြေကစားနည်းတစ်ခုလောက် သဘောထားတယ် ထင်တယ်။
“ဒါမျိုးက ခင်ဗျားရဲ့ ကျွမ်းကျင်မှုကို စမ်းသပ်တာဗျ” လို့သူက ပြောလိုက်တယ်။ “ကားကောင်းတယ်ဆိုရင် ဒါမျိုးလုပ်လို့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားကားနဲ့ဆိုရင်တော့ လုပ်လို့ရမှာမဟုတ်ဘူး”
သူ့ကို ကျွန်တော့်အိပ်မက်အကြောင်းနဲ့ လော်လီကြီးကို မကျော်ဖြစ်ခဲ့ရတဲ့အကြောင်းရင်းကို မပြောဖြစ်ခဲ့ဘူး။ သူ့မှာ အချိန်မရှိဘူး။ ရေးကြီးသုတ်ပြာနဲ့ ပဲရစ်ကိုမြန်မြန်ရောက်ဖို့သာ စိတ်စောနေပုံပေါ်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စဉ်းစားနေမိသေးတယ်။ ဟုတ်ပါတယ်။ တကယ်တော့ ကျွန်တော် အိပ်မက်တွေကို အယုံအကြည်မရှိပါဘူး။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ သေခြင်းတရားမျိုးဆီကနေ ကျွန်တော်တို့ကို ကယ်တင်ခဲ့တဲ့ အရာလို့တော့ အသိအမှတ်ပြုရမှာပဲ မဟုတ်လား
Frank Tilsley ၏ The Dream ကို ဘာသာပြန်ဆိုပါသည်။
◄ တေဇာ ► အောက်တိုဘာ (၂၆) ၂၀၀၉
Comments
Post a Comment