အချစ်မှာ ရူးသွပ်မှုတစ်စုံတရာ အမြဲရှိတယ်။ အဲ… ရူးသွပ်မှုမှာလည်း အကြောင်းပြချက် တစ်စုံတရာ အမြဲရှိတယ်။ (နစ်ရှေး)
There is always some madness in love. But there is also always some reason in madness.
Friedrich Nietzsche, "On Reading and Writing"
အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှုရှိသဖြင့် နစ်ရှေး၏ အထုပ္ပတ္တိ၊ အဆိုအမိန့်စသည်ဖြင့်... နစ်ရှေး၏ ရုပ်ပုံလွှာကို အကြမ်းဖျင်းမျှ လေ့လာကြည့်မိသည်။ နစ်ရှေးဆိုသည်မှာ ကြားဖူးနားဝရှိပြီး ကျွန်တော် အသေအချာမသိသော ပုဂ္ဂိုလ်ကျော်ပေါင်း မြောက်များစွာထဲမှ တစ်ယောက်သာ ဖြစ်ပေသည်။ ဆယ့်ရှစ်ရာစု ဂျာမန်တွေးခေါ်ရှင် တစ်ယောက်ဟူ၍သာ အကြမ်းဖျင်းအားဖြင့် ပြောလိုပါသည်။ (သူ့အကြောင်း ခုနှစ်သက္ကရာဇ်များ၊ ဘယ်သန်လားညာသန်လား၊ သူရေးခဲ့သည့် စာတိုပေစ စသည်တို့ကို အသေးစိတ် သိလိုလျှင် ၀ီကီ တွင် သွားရောက်ဖတ်ရှုစေလိုပါသည်) သူက ခရစ်ယန်ဘာသာကြီးစိုးဆဲ (၁၈) ရာစုက ဥရောပတွင် “ဘုရားသခင် သေပြီ” God is dead ဟု ပြောကြားခဲ့သည်။ ဘုရားသခင်သေမသေတော့မသိ သူကတော့ ၁၉၀၀ ပြည့်တွင် သေဆုံးသွားရှာပါပြီ။ အလားတူ သူ၏ နှုတ်ထွက် အဆိုအမိန့်များမှာ (ကျွန်တော့်တစ်ယောက်တည်းအတွက်) စိတ်ဝင်စားစရာ၊ နှစ်သက်စရာ ပြည့်ဝလှပါသည်။
အချစ်မှာ ရူးသွပ်မှုတစ်စုံတရာ အမြဲရှိသည်ဆိုသည့်အဆိုကို အချစ်ကို ကြုံတွေ့ဖူးသူအားလုံး လက်ခံနိုင်ပါလိမ့်မည်။ ကျွန်တော်ပြောသည့် အချစ်သည် “အချစ်စစ်” ဖြစ်စရာမလိုပါ။ မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေးတစ်ယောက်ကို ချစ်မိခြင်းသည်ပင်လျှင် ဆင်ခြင်တုံတရား၏ အပြင်ဘက်မှ တစ်စုံတရာသာ ဖြစ်ပါသည်။ သူ့ကိုမှ ဘာကြောင့်ချစ်ရသလဲဆိုသည်မှာ မိမိဘာသာပြန်လည် ဖြေရှင်းမပြတတ်သော မေးခွန်းတစ်ခု ဖြစ်ပါလိမ့်မည်။ ပိုက်ဆံရှိလို့ ချစ်တာ၊ လှလို့ချစ်တာ ဟူ၍ စကားမကပ်စေလိုပါ။ လှခြင်းနှင့်၊ ငွေကြေးကြွယ်ဝခြင်း ဂုဏ်သတ္တိတို့မှာ ထိုမိန်းကလေး (သို့) ယောက်ျားလေး တစ်ယောက်ထဲတွင်သာ ရှိသော အရည်အချင်းများဖြစ်ပါသလားဟု ကျွန်တော်က ပြန်မေးနိုင်ပါသည်။
ရူးသွပ်မှုတွင် အကြောင်းပြချက်တစ်စုံတရာရှိသည့် အချက်တွင် “ရူးသွပ်မှု” ဟူသော စကားလုံးကို “စိတ်မနှံ့ခြင်း” ဟု အဦးဆုံး စဉ်းစားကြည့်ပါမည်။ “စိတ်မနှံ့ရူးသွပ်ခြင်း” အတွက် အကြောင်းပြချက်များကို ပဒိုင်းသီးစားမိခြင်း၊ အရင်ဘ၀က ယစ်ထုတ်ဖြစ်ခဲ့ခြင်းနှင့် ကားမတော်တဆမှုတွင် ဦးခေါင်းထိခိုက်သွားသဖြင့် အတိတ်မေ့ရပါသည်ဟူသော အကြောင်းပြချက်မျိုးများ ပြနိုင်ပါလိမ့်မည်။ ထိုထက်ပို၍ ငယ်စဉ်ဘ၀ စိတ်ဒဏ်ရာ၊ ၀ဋ်နာကံနာ စသည်ဖြင့် ပြောနိုင်ပါသည်။ ဤသည်များမှာ လက်ဆုပ်လက်ကိုင် ထင်ရှားသော အကြောင်းပြချက်များမဟုတ်သော်လည်း စိတ်မနှံ့ခြင်းအတွက် အကြောင်းပြစရာ တစ်စုံတရာတော့ ရှိနေသည် သာ ဖြစ်ပါသည်။
သို့သော် ထိုသို့သော “စိတ်မနှံ့”သည့် အရူးမျိုးမဟုတ်ဘဲ၊ လူကောင်းပကတိက တစ်စုံတစ်ရာကို အရူးအမူးစွဲလန်းခြင်းလို “ရူးသွပ်မှု” မျိုးအတွက်လည်း အကြောင်းပြချက် ထင်ထင်ရှားရှား တစ်ခုခု ရှိနေဆဲဖြစ်ပါသည်။ အဆိုတော်အရူးအမူးဖြစ်လိုသူတစ်ယောက်က နာမည်ကြီးလိုခြင်း၊ အနုပညာကို ၀ါသနာပါခြင်း၊ ပိုက်ဆံရလိုခြင်းစသည်ဖြင့် ထင်ရှားသည့်အရာတစ်ခုခုကို အကြောင်းပြနိုင်ပါသည်။ ဤတွင် ဂျာအေးသူ့အမေရိုက်သော အထက်ပါအဆိုအဆိုကို နစ်ရှေးက ပြောခဲ့လေသည်။ “အချစ်သည် ဆင်ခြင်တုံတရားပြင်ပဖြစ်သော ရူးသွပ်မှုတစ်ခုဖြစ်သည်” “ဆင်ခြင်တုံတရားပြင်ပ ရူးသွပ်မှုများတွင်လည်း အကြောင်းပြချက်တစ်စုံတရာ ရှိသည်” သို့သော်.... “ထို့ကြောင့် အချစ်တွင် အကြောင်းပြချက်တစ်စုံတရာ ရှိသည်” ဟူသည့် ယုတ္တိဗေဒကောက်ချက်တစ်ခု ချနိုင်မချနိုင်ဆိုသည်မှာ ပြဿနာ ဖြစ်ပါသည်။ ဤအတွက် အဖြေသည် ကျွန်တော့်တွင် ရှိမနေပါ။
လူတစ်ယောက်သည် ၎င်း၏ “အချစ်” ၌ အကြောင်းပြချက်တစ်စုံတရာ ရှိနေသည်ဆိုသည့်အချက်ကို လက်ခံနိုင်မည့်ပုံ မပေါ်ပါ။ ကျွန်တော်လည်း လက်မခံနိုင်ပါ။ အချစ်သည် အချစ်သာဖြစ်သည်။ အကြောင်းပြစရာ မရှိပါ။ ထို့အတူ နစ်ရှေး၏ အဆိုကိုလည်း ကျွန်တော်က အခု ချစ်နေမိပါသည်။ ဘာကြောင့် ချစ်နေမိသလဲဆိုသည်မှာ ကျွန်တော့်တွင် အကြောင်းပြချက် မရှိပါ။ နစ်ရှေးကို သွားမေးရန်အတွက်မူ ကျွန်တော့်တွင် နောက်ပြန်လှည့်ရန် အချိန် ၁၀၉ နှစ် လိုပါလိမ့်မည်။
◄ တေဇာ ► အောက်တိုဘာ (၇) ၂၀၀၉
Comments
Post a Comment