ဖုန်ထူသောနေ့ရက်များအတွင်းက လူတစ်ယောက်သည် မြို့အတွင်း ဦးတည်ရာမဲ့ လှည့်လည်သွားလာ နေခဲ့သည်။ (အမြင့်ပျံလေယာဉ်များနှင့် နယ်ခြားဟိုင်းဝေးလမ်းများပေါ်ပေါက်လာသော နောက်ထပ်ရာစုနှစ် အထိ အသက်ရှည်နေထိုင်ကြသူများ မှတ်မိသည့်အတိုင်း ဖုန်ထူသောနေ့ရက်များဟု ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်က မြင်မြင်သမျှအရာရာတိုင်းမှာ ဖုန်မှုန့်သဲမှုန့်များနှင့် ဖုံးလွှမ်းနေခဲ့ဟန်တူသည်။ ခရီးကြမ်းသွား ထရပ်ကားများက အတားအဆီးမရှိသော ကွင်းပြင်များအတွင်း ဖြတ်သန်းမောင်နှင်ရင်း နေရာတိုင်းတွင် ဖုန်မှုန့်များချည်းသာ ဖြစ်နေခဲ့ပေသည်။) ထိုမြို့ကလေးကို “ဧဒင်” ဟုခေါ်သည်။ ဤအမည်သည်လည်း သိပ်ကြာရှည် မတည်တံ့ခဲ့ကြောင်း လူတိုင်းသိကြသည်။ သူတို့ကြားဖူးနားဝရှိသော ကိုယ်ပိုင် ကြေးနန်းရုံးရှိသည့် အခြား “ဧဒင်” တစ်ခုလည်း ရှိသေးသည်။ တက္ကဆက်ပြည်နယ်အနေဖြင့်တော့ “ဧဒင်” နှစ်ခုဖြစ်နေသည်ကို လက်ခံနိုင်သည့်ပုံ မပေါ်ပါ။
ထိုသူသည် အနောက်ဘက် တောင်ကုန်းများပေါ်မှ ဆင်းလာပြီး မြို့တွင်းသို့ဝင်လာခဲ့သည်။ ယာဉ် သို့မဟုတ်၊ မြင်းတစ်ခုမျှမပါဘဲ တစ်ကိုယ်တော် ခြေလျင်လျှောက်လာခြင်းဖြစ်သည်။ ထိုအချိန်များအတွင်းကသော်မှ ဤသို့ ခရီးသွားခြင်းကို နားနှင့်မျှပင် မကြားခဲ့ဖူးပေ။ ရိုးရိုးသားသားပြောရလျှင် စိတ်မနှံ့သူများနှင့် မြေလျှောက်ဝိဇ္ဇာယောင်ယောင်များသာ ဤသို့သွားလာလေ့ရှိပေသည်။ အနောက်ဘက်စူးစူး တောင်ကုန်းများ အောက်ခြေသို့ သွားရာမြေပြင်သည် ယနေ့တိုင်အောင် ကြီးမားကျယ်ပြန့်သော လွင်တီးခေါင်ကြီးသာဖြစ်ပြီး ခြေလျင်လျှောက်သူတစ်ယောက်အဖို့ ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာကြာအောင် သက်ရှိဟူ၍ ခွေးတစ်ကောင်ကြောင်တစ်မြီးမျှ မမြင်ရဘဲ သွားရပေလိမ့်မည်။
ထိုသူက စိတ်မနှံ့သည့်လက္ခဏာ ထင်ထင်ရှားရှား မရှိသလို မြေလျှောက်ဝိဇ္ဇာဟုထင်ရအောင်လည်း ဂမ္ဘီရဆန်ဆန်စကား ဘာတစ်ခုမျှပြောကြားခြင်း မရှိပါ။ သူပြောသမျှမှာ စားစရာအနည်းငယ်နှင့် မိုးလွတ်ရာ တစ်နေရာတွင် အိပ်စက်ခွင့်ရရန်သာ ဖြစ်သည်။ မြို့ခံလူများက စုတ်စုတ်ပြတ်ပြတ်နှင့် ဆွေးမြေ့နေပြီဖြစ်သော အ၀တ်အစားများ ၀တ်ထားသော သူ့ကိုကြည့်ပြီး သူတို့ကို ဘာပြန်ပေးစရာရှိလဲဟု မေးမြန်းကြသည်။ သူ့တွင် နောက်ကျောတွင်လွယ်ထားသော အ၀တ်များသာ ပါရှိသည်။ အနည်းငယ်ပျက်စီးနေပြီဖြစ်သော ဦးထုပ်ဟောင်းတစ်လုံး၊ ပုခုံးတွင်လွယ်ထားသော လွယ်အိတ်သေးသေးတစ်လုံးနှင့် လမ်းလျှောက် တုတ်တစ်ချောင်းသာ ဖြစ်သည်။ သူ့ပုံစံကြည့်ရသည်မှာ လူချမ်းသာတစ်ယောက်က ဆင်းရဲဟန်ဆောင် ထားသည့်ပုံလည်း မရ။ ထို့ပြင် ထိုအချိန်များအတွင်းက အစားအစာနှင့် မိုးခိုစရာ အရိပ်အမြုံများမှာလည်း ဈေးနှုန်းသက်သာလှသည် မဟုတ်ပေ။

♀ ♀ ♀ ♀ ♀
လူတွေဟာ သူတို့ရဲ့ဆန္ဒတွေကို စောစောစီးစီးမှာပဲ
ဆုံးရှုံးသွားကြရတယ်။ အခုခေတ်မှာဆိုရင် ပိုလို့တောင်စောပေါ့။ တကယ်လို့ ကျွန်တော်သာ
ဒါတွေကိုထိန်းသိမ်းမထားခဲ့ဘူးဆိုရင် သူတို့ ထာဝရပျောက်ဆုံးသွားကြမှာပဲ။

လူများက သူ့ကို ဘာပြန်ပေးစရာရှိလဲဟု မေးစဉ်တွင် သူက ခပ်ရိုးရိုးသာ ပြန်ဖြေလေသည်။ ကျွန်တော့်မှာ “ဆန္ဒ”တွေ ဝေမျှဖို့ရှိပါတယ် ဟူ၍ပင်။ ထိုအခါ သူ့ကို အစထဲက စိတ်မနှံ့သူတစ်ယောက်၊ သို့မဟုတ် အကြားအမြင်ရသူတစ်ယောက်အဖြစ် သင်္ကာမကင်းဖြစ်နေသူများက ဤသည်ကိုပင် ရောဂါလက္ခဏာ တစ်ခုအဖြစ် ယူဆလိုက်ကြသည်။ ဒါဆိုရင် မင်းက နတ်သားတစ်ပါးလား၊ ဒါမှမဟုတ် အထက်လမ်းဆရာလား…. ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတော့... ဟူ၍ သူတို့က မေးမြန်းကြသည်။ သူက ဦးခေါင်းကို ခါယမ်းပြီး ပြုံးလိုက်သည်။ မဟုတ်ပါဘူး၊ ကျွန်တော့်မှာ တန်ခိုးမရှိပါဘူး။ “ဆန္ဒ” တွေသာရှိပါတယ်ဟု သူက ပြန်ပြောလေသည်။
ဤတွင် ၀ိုင်းအုံနေကြသောမြို့ခံလူများသည် နှစ်ခြမ်းကွဲသွားပြီး မိမိတို့ဦးတည်ရာဆီသို့သာ ဆက်သွားကြပေတော့သည်။ သူ့ကို မသတီစရာလူတစ်ယောက်အဖြစ်သာ သူတို့က သတ်မှတ်ခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ အရိပ်အာဝါသနှင့် အစားအစာပေးရန် ဆန္ဒမရှိကြပေ။ ထိုသူကတော့ စိတ်ဆိုးစိတ်ပျက်ပုံမပေါ်ပါ။ မြို့လယ်ခေါင်ရှိ ဖုံထူထူမြေကြီးပေါ်တွင် တစ်ယောက်ထဲထိုင်ပြီး သူ၏လွယ်အိတ် အစုတ်ကလေးထဲမှ အရိုးဖြင့်ပြုလုပ်ထားသော ပုလွေကို သူ့တစ်ယောက်ထဲ ကြားရရုံမျှ ဆိတ်ငြိမ်စွာ စတင်မှုတ်နေတော့သည်။ လူအများက သူ့ကို မသိချင်ယောင်ဆောင်၍ အနီးအပါးမှ ဖြတ်သွားဖြတ်လာ ပြုလုပ်နေကြသည်။ အလုပ်ကိစ္စဖြင့် မြို့ပြင်သို့ခရီးထွက်သွားသော နယ်စားကြီးပြန်ရောက်လာပြီး ထိုသူ့ကို မြန်မြန်မောင်းထုတ်ပါစေဟူ၍သာ စိတ်အတွင်းမှ ကြိတ်ဆုတောင်းနေကြလေသည်။
နံနက်ခင်းမှ မွန်းတည့်ချိန်သို့ ရောက်ရှိခဲ့ပြီ။ ထိုသူက ထိုင်မြဲထိုင်နေဆဲ၊ ပလွေမှုတ်မြဲ မှုတ်နေဆဲပင် ဖြစ်သည်။ နေ့လည်မှ ညနေစောင်းသို့ တိမ်းလာသောအချိန်တွင် ပန်းပဲဆရာနှင့် သူ၏ဇနီးငယ်တို့မှာ မြောက်အရပ်မှ ဆွေမျိုးများဆီသို့ အလည်သွားရာမှ ပြန်လာခဲ့ကြသည်။ ပန်းပဲဆရာမှာ “ဆလပ်ဗ်” (Slav) လူမျိုးဖြစ်ပြီး (သူ့မိဘများကိုတော့ ဂျစ်ပစီသွေးပါသည်ဟု ပြောကြသည်။ သို့သော် သက်သေပြနိုင်သည်တော့မဟုတ်) လူကောင်းတစ်ယောက် ဖြစ်ပေသည်။ သူ့လက်ရုံးတွင် ခွန်အားရှိသမျှ သူက ပိုကောင်းသော ပန်းပဲဆရာတစ်ယောက် ဖြစ်နေလိမ့်ဦးမည်သာ။ သူက စိတ်နှလုံးကောင်းရှိသော ပန်းပဲဆရာတစ်ယောက် ဖြစ်သည်နှင့်အညီ မြို့သူမြို့သားများကလည်း သူ့ကို လိုအပ်နေသည်သာ ဖြစ်သည်။ (ယနေ့တိုင်အောင်ပင် မြို့တိုင်းတွင် ပန်းပဲဆရာကောင်းများ လိုအပ်နေဆဲမဟုတ်လား) ဇနီးနှင့်အတူ မြို့လယ်သို့ ဖြတ်လျှောက်စဉ်မှာပင် သူက ထိုသူ၏ ပုလွေမှုတ်သံကို ကြားလိုက်ရပြီး အိမ်နီးချင်းတစ်ဦးအား မေးမြန်းစုံစမ်းရန် ရပ်တန့်လိုက်သည်။ အနောက်အရပ်မှလာသော စိတ်မနှံ့သူတစ်ယောက်ဟု အိမ်နီးချင်းက ဖြေလိုက်သည်။ မဟုတ်ဘူးဟု ဖြတ်သွားဖြတ်လာတစ်ဦးက ၀င်ပြောသည်။ မြွေဆိပ်တွေနဲ့ တောင်ကုန်းတွေရဲ့တစ်ဘက်က အောက်လမ်းနည်းတွေ တတ်တဲ့ မှော်ဆရာတစ်ယောက်ဖြစ်သည်ဟု ထိုသူက ၀င်ပြောလေသည်။
သူက ဘာလိုချင်တာလဲဟု ပန်းပဲဆရာက မေးလိုက်သည်။ အစားအစာနဲ့ အိပ်စရာနေရာဟု အခြားတစ်ယောက်က ပြန်ဖြေသည်။ ဤတွင် ပန်းပဲဆရာက ကျယ်ပြန့်သောရေပြင်ကြီးကိုဖြတ်၍ ဆိပ်ကမ်းလမ်းကြားလေးထဲမှ အငတ်ငတ်အပြတ်ပြတ် ဆင်းရဲဒုက္ခရောက်လှစွာ နယ်မြေသစ်သို့ ရောက်ရှိလာခဲ့သည့် သူ၏ ပထမဆုံးညအတွေ့အကြုံကို ပြန်လည် သတိရလိုက်မိသည်။ ထို့နောက် သူ့ကို ပေါင်မုန့်နှင့် နေစရာနေရာအတွက် ဒင်္ဂါးအနည်းငယ်ကို ပေးခဲ့သော မိသားစုကိုပါ အမှတ်ရလိုက်သည်။ ထို့ကြောင့် သူက ဇနီးနှင့်ကားကို ထားခဲ့ပြီး ထိုသူ ထိုင်ပြီးပုလွေမှုတ်နေရာ နေရာသို့ လျှောက်လာခဲ့လေသည်။
မိတ်ဆွေ ခင်ဗျားက နားဖို့နေရာတစ်ခုနဲ့ စားစရာတစ်ခုခု လိုနေတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်ဟု သူက ပြောလိုက်သည်။ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ပြန်ပေးစရာတစ်ခုမှမရှိပါဘူး။ ကျွန်တော့်မှာ ဆန္ဒတွေပဲ ဝေမျှဖို့ ရှိနေပါတယ်။ ကျန်တာတစ်ခုမှ မရှိပါဘူးဟု ထိုသူက ပြန်ဖြေလေသည်။ ကျွန်တော်တို့က ခင်ဗျားဆီက ဘာမျှ မတောင်းပါဘူး။ ခင်ဗျားမှာ ဘာပဲရှိရှိ ဝေမျှဖို့ပေါ့ဟု ပန်းပဲဆရာက ပြောလိုက်သည်။ ထို့နောက် ထိုသူက ပြုံးလိုက်ပြီး မတ်တပ်ထရပ်ကာ ပန်းပဲဆရာ၏လက်ကို ဆွဲလိုက်သည်။ သူတို့က ကားဆီသို့ လျှောက်လာ ကြပြီး ပန်းပဲဆရာ၊ သူ၏ ဇနီးငယ်နှင့် မြို့တွင်းလှည့်လည်သွားလာနေသောလူတို့သည် ပန်းပဲဆရာ၏အိမ်ရှိရာ တောင်အရပ်သို့ မောင်းနှင်သွားခဲ့ကြလေသည်။

ဒါဟာ ကျွန်တော့်ဘ၀ရဲ့ အလုပ်ပဲပေါ့။ ကျွန်တော်လမ်းလျှောက်တယ်၊
လှည့်လည်သွားလာတယ်၊ ပြီးတော့ လူတွေရဲ့ ဆန္ဒတွေကို စုဆောင်းတယ်ဟု ထိုသူက
ပြောလိုက်သည်။
♀ ♀ ♀ ♀ ♀
ဒါဟာ ကျွန်တော့်ဘ၀ရဲ့ အလုပ်ပဲပေါ့။ ကျွန်တော်လမ်းလျှောက်တယ်၊
လှည့်လည်သွားလာတယ်၊ ပြီးတော့ လူတွေရဲ့ ဆန္ဒတွေကို စုဆောင်းတယ်ဟု ထိုသူက
ပြောလိုက်သည်။
♀ ♀ ♀ ♀ ♀
သူတို့က ညစာကို ရိုးရိုးရှင်းရှင်း စားသောက်လိုက်ကြသည်။ ပြောင်းဖူးပေါင်မုန့်၊ ပဲအနည်းငယ်နှင့် အသီးအရွက်နှပ်တစ်ပွဲ…စသည်ဖြင့်။ ပန်းပဲဆရာ၏ ရေတွင်းမှ ရေချိုကို သူတို့သောက်သုံးကြသည်။ ထို့နောက် ဆေးရွက်ကြီးအိတ်ကို သုံးယောက်သား အတူတကွ မျှဝေသုံးစွဲကြသည်။ နောက်ဆုံးတွင် မီးလင်းဖိုနှင့် သူတို့၏ ဆေးတံများမှ မီးခိုးများဖြင့် အခန်းထဲတွင် ဖုံးလွှမ်းနေတော့သည်။ ထို့နောက်တွင် သူတို့သုံးဦးသား အမိုးအောက်မှထွက်၍ ကြယ်များကို ထိုင်ကြည့်နေကြလေသည်။ အရမ်းကောင်းတဲ့ညစာပါပဲ။ ကျေးဇူးတင်ပါတယ်ဟု ထိုသူက ပြောလိုက်သည်။ အခုဆိုရင် ကျွန်တော်က ခင်ဗျားတို့ဆီမှာ အကြွေးတင်သွားပြီပေါ့။ ဒီတော့ ကျွန်တော်ပြောခဲ့အတိုင်းပဲ ကျွန်တော့်မှာ ပိုက်ဆံတော့မရှိဘူး။ ဒါပေမဲ့ “ဆန္ဒ” တွေတော့ ရှိပါတယ်ဟု သူက ထပ်ပြောသည်။
ပန်းပဲဆရာ၏ဇနီးက ရှင့်မှာ ဆန္ဒတွေရှိတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲဟု မေးလိုက်သည်။
ရှင်က ဆန္ဒတွေကို သယ်ဆောင်လာတာလား။ ရှားပါးကျောက်တုံးတွေနဲ့ ပန်းပေါင်းဆီတွေလိုလေ။
မဟုတ်ပါဘူး။ ကျွန်တော်က စုဆောင်းခဲ့တာပါ။ ကျွန်တော်လုပ်တဲ့အလုပ်ကဒါပါပဲ။ ဒါဟာ ကျွန်တော့်ဘ၀ရဲ့ အလုပ်ပဲပေါ့။ ကျွန်တော်လမ်းလျှောက်တယ်၊ လှည့်လည်သွားလာတယ်၊ ပြီးတော့ လူတွေရဲ့ ဆန္ဒတွေကို စုဆောင်းတယ်ဟု ထိုသူက ပြောလိုက်သည်။
ဤတော့မှ ပန်းပဲဆရာက သူနားမလည်ကြောင်း ၀င်ပြောလေသည်။

ကျွန်တော်က လူတွေရဲ့ဆန္ဒတွေကို မေးတယ်။ ပြီးတော့ ဒီထဲမှာ သိမ်းထားတယ်ဟု ညစ်ပတ်နေသော လက်သည်းများဖြင့် သူ၏နားထင်ကို ထောက်ပြပြီး ထိုသူက ဖြေလိုက်သည်။
ဘာကြောင့်လဲဟု ပန်းပဲဆရာ၏ဇနီးက မေးသည်။
သူတို့ ပျောက်မသွားအောင်ပေါ့ဟု ထိုသူက သူမကို ပြောလိုက်သည်။ လူတွေဟာ သူတို့ရဲ့ဆန္ဒတွေကို စောစောစီးစီးမှာပဲ ဆုံးရှုံးသွားကြရတယ်။ အခုခေတ်မှာဆိုရင် ပိုလို့တောင်စောပေါ့။ တကယ်လို့ ကျွန်တော်သာ ဒါတွေကိုထိန်းသိမ်းမထားခဲ့ဘူးဆိုရင် သူတို့ ထာဝရပျောက်ဆုံးသွားကြမှာပဲ။ အဲဒါတွေနဲ့ ခင်ဗျားက ဘာလုပ်တာလဲဟု ပန်းပဲဆရာက မေးလိုက်သည်။ သတိပေးတဲ့အနေနဲ့ နားထောင်ချင်တဲ့လူတွေကို ပြန်ဝေမျှတာပေါ့။
သတိပေးဖို့ ဟုတ်လားဟု ပန်းပဲဆရာနှင့်ဇနီးက ပြိုင်တူ မေးလိုက်ကြသည်။
သတိပေးတဲ့အနေနဲ့ဆိုတာက “ဆန္ဒတစ်ခုဟာ မေ့လျော့ခံရပြီဆိုရင် ဘယ်တော့မှ အမှန်တကယ် ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ ဒါ့အပြင် တစ်ကြိမ်ပျောက်ဆုံးသွားပြီ ဆိုတာနဲ့ ဘယ်တော့မှ ပြန်လည်မရရှိနိုင်တော့ဘူး” ဆန္ဒဆိုတာမျိုးက မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်းမှာ ပြည့်စုံသွား တတ်တဲ့အရာမျိုး မဟုတ်ဘူး။ ဆန္ဒတစ်ခုဆိုတာ ဘ၀တစ်လျှောက်လုံးနဲ့ သက်ဆိုင်တယ်။ ပန်းတိုင်တစ်ခုကို ရောက်ရှိသွားတဲ့ လမ်းတစ်ခုရဲ့ အဆုံးမှာပဲ ဆန္ဒဆိုတာ တည်ရှိတယ်။ လူတွေက ဒါကို မေ့လျော့နေကြပြီး မိမိတို့ကိုယ်ကို ကလေးလေးလိုမြင်၊ လိုချင်သမျှ၊ အရူးအမူးစွဲလန်းသမျှတွေကို မနေမနား ရှာဖွေနေကြတယ်။ ပြီးတော့သူတို့က ပြောကြတယ်။ ဒါကို ကျွန်တော်လိုချင်တယ်၊ ဒါပေမဲ့ ကျွန်တော်မရဘူး။ ဒီတော့ ရသမျှနဲ့ ပျော်ရွှင်နေခြင်းသည်သာ ကျွန်တော့်အတွက် အကောင်းဆုံးပဲ။ အခြေအနေတွေက မပြောင်းလဲဘူး။
သူက ဆက်ပြောသည်။ မှန်ပါတယ်။ အခြေအနေတွေဟာ မပြောင်းလဲပါဘူး။ ခင်ဗျားက ပြောင်းလဲချင်တဲ့ဆန္ဒ မရှိခဲ့ရင်ပေါ့။ ခင်ဗျားအနေနဲ့ လိုချင်စိတ်ကို ထိန်းသိမ်းထားရမယ်။ မရပ်မနားကြိုးစားမှုကို ထိန်းသိမ်းထားရမယ်။ အဲဒီလမ်းကြောင်းပေါ်ကနေ ဘယ်တော့မှ တစ်လက်မမျှမရွေ့အောင် ဖက်တွယ်ထား ရမယ်။ ကိုယ့်နေရာမှာပဲ ထာဝရ နေထိုင်သွားရမယ်။
ဤသို့ဖြင့် ကြယ်ကလေးများ သူတို့ဦးခေါင်းပေါ်တွင် မျက်စပစ်နေချိန်တွင် ထိုသူက ပန်းပဲဆရာနှင့် သူ၏ဇနီးတို့ကို ဆန္ဒများအကြောင်း ပြောပြနေလေသည်။ ကြီးကြီးငယ်ငယ် အရွယ်စုံလူတို့၏ ဆန္ဒများနှင့် မျှော်လင့်ချက်များ အကြောင်းသူက ပြန်လည်ပြောပြနေသည်။ (သူရှင်းပြသလောက် လတ်လတ်ဆတ်ဆတ် များထက် ကြာမြင့်ပြီဖြစ်သော ဆန္ဒများအကြောင်းသာ များပေသည်) ကန်းဆက် (Kansas) ပြည်နယ်မှ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဆေးကုလိုခြင်းမှတစ်ပါး အခြားမည်သည့်အရာမျှ ဘ၀တွင် ဖြစ်လိုသောဆန္ဒ မရှိသော မိန်းကလေးငယ်တစ်ယောက်အကြောင်း သူက ပြောပြသည်။ သူမ၏ ဇာတ်လမ်းအား သူနားထောင်နေစဉ်မှာပင် မိန်းကလေးငယ်၏ ဖခင်ဖြစ်သူ၏ တင်းမာသော မျက်နှာထားနှင့် မိခင်၏ ကြေကွဲနေသောမျက်လုံးများကြောင့် မိန်းကလေး၏ဆန္ဒများ တိမ်မြှပ်သွားလုနီးနီးဖြစ်ခဲ့ကြောင်း သူက မြင်တွေ့နေခဲ့ရလေသည်။ သူက ရော့ကီး (Rockies) မှ မြေပိုင်ရှင်ကြီးတစ်ယောက်၏ သားအကြောင်းလည်း ပြောပြသည်။ သူက စင်ပေါ်တွင် သရုပ်ဆောင်ခွင့်ရရန် အရှေ့ကို တစ်လှမ်းတက်ရတက်ရ ဆန္ဒရှိနေသူဖြစ်လေသည်။ ၀ိုမင်း (Wyoming) မှ မုဆိုးမတစ်ယောက်ကတော့ သူမသေခင် တစ်ကြိမ်တစ်ခါမျှ ယမန်နှစ်ကပျောက်ဆုံးသွားသော သူ့သားကို ပြန်တွေ့ဆုံခွင့်ရရန် ဆန္ဒရှိနေသည်ဟု ဆို၏။ ညည့်နက်လာပြီး အိပ်ချိန်တန်သည်အထိ ထိုသူက ဤအကြောင်းများအပြင် အခြားအကြောင်း အများအပြားလည်း ပြောပြခဲ့လေသည်။
ပန်းပဲဆရာနှင့် ဇနီးက သူတို့၏အိပ်ယာကို မီးလင်းဖိုအနားသို့ ယူလိုက်သည်။ ထို့နောက် အခန်း၏အခြား တစ်ဘက်ခြမ်းတွင် စောင်နှင့်ကွပ်ပျစ်ကို လူစိမ်းအတွက် နေရာပေးလိုက်သည်။ ထိုညတွင် နွေးထွေးသောအခန်းထဲဝယ် သူတို့သုံးယောက်သား ငြိမ်းချမ်းစွာအိပ်စက်နားနေကြသည်မှာ ပြတင်းပေါက်မှ နံနက်ခင်းနေရောင်ခြည် တောက်ပလာချိန်မတိုင်ခင်မီအထိပင် ဖြစ်လေသည်။ နံနက်ခင်းနေရောင်ခြည် အောက်တွင် နံနက်စာကို သူတို့ အတူတကွစားသောက်ကြသည်။ ဘီစကစ်ထူထူ၊ အသားလိပ်၊ ဟင်းချိုရည်နှင့် ဘလက်ကော်ဖီပြင်းပြင်းတို့ ဖြစ်သည်။ သူတို့က တိတ်ဆိတ်ငြိမ်သက်စွာ အရသာခံပြီး စားသောက်နေကြသည်။ စားပြီးချိန်တွင် ထိုသူက စကားစပြောလေသည်။
နောက်ထပ် အရသာရှိလှတဲ့ ထမင်းတစ်နပ်၊ သန့်ရှင်းသပ်ရပ်တဲ့ အိပ်ယာ၊ ခင်ဗျားတို့ကို တစ်ကြိမ်ထပ်ပြီး အကြွေးတင်ပြန်ပြီဟု ထိုသူက ပြောသည်။ ပန်းပဲဆရာနှင့်ဇနီးက သူတို့ကို ဘာတစ်ခုမျှပြန်ပေးစရာ မလိုကြောင်းကန့်ကွက်ကြသော်လည်း ထိုသူက ကြားဟန်မတူ။
ကျွန်တော့်မှာပြောစရာရှိခဲ့သလိုပဲ ဆန္ဒတချို့အကြောင်းကို ခင်ဗျားတို့ကို ပြောပြီးသွားပြီ။ အခု ကျွန်တော်မသွားခင် ခင်ဗျားတို့မှာ ဆန္ဒတချို့ရှိနေမယ်ဆိုရင် ကျွန်တော့်ကိုပြောပြပါ။ ဒါတွေကို ကျွန်တော်နဲ့အတူ ထာဝရထိန်းသိမ်းထားပြီး ခင်ဗျားတို့ကို ပြန်လည်ပေးဆပ်ချင်ပါတယ်ဟု သူကပြောလိုက်လေသည်။
ပန်းပဲဆရာနှင့်သူ၏ဇနီးငယ်တို့မှာ ခေတ္တမျှ ငြိမ်သက်သွားကြသည်။ သူတို့၏စိတ်အတွင်းမှ ပုန်းလျှိုးနေ နိုင်သည့် အရာတစ်ခုခုကို ကိုယ်စီရှာဖွေနေကြသည်။ စကားစပြောလိုက်သူမှာ ပန်းပဲဆရာ၏ဇနီးဖြစ်ပြီး သူမ၏ ဆန္ဒကို ဖွင့်ဟလေသည်။
ကျွန်မအတွက်တော့ ကျွန်မမှာရှိသမျှကိုပဲ ဆန္ဒရှိပါတယ်။ ပျောက်ကွယ်မသွားဖို့ပေါ့။ သက်တောင့်သက်သာ အိမ်ကလေး၊ အိမ်နီးချင်းကောင်းတွေနဲ့ ယုံကြည်အားကိုးရတဲ့ ချစ်ခင်ပွန်း။ စွဲမက်စရာအဆင်း၊ အလှအပနဲ့ လောကကြီးရဲ့ အဆင်တန်ဆာတွေကို ကျွန်မ မလိုအပ်ပါဘူး။ ကျွန်မမှာ ရှိသမျှပါပဲ၊ ဒါပါပဲဟု သူမက ပြောလိုက်သည်။
ထိုသူက ထိုင်ရက်သားနားထောင်ရင်း ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ပန်းပဲဆရာဘက်လို့ လှည့်လိုက်သည်။ ကျွန်တော့်မှာလည်း ဆန္ဒတစ်ခုရှိတယ်ထင်တယ်ဟု ပန်းပဲဆရာကစပြောသည်။ ဒါပေမဲ့ သိပ်ထူးထူးခြားခြား မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒိဗ္ဗစက္ကုဉာဏ်၊ အိမ်တစ်လုံးကို မ,နိုင်တဲ့ခွန်အားနဲ့ ဒီလိုမျိုး တန်ခိုးဣဒိပါတ်တွေ ကျွန်တော် အလိုမရှိပါဘူး။ ကျွန်တော်လိုချင်တာက တစ်နေ့နေ့မှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော့်အတွက် သားငယ်လေးတစ်ယောက်၊ ဒါမှမဟုတ် သမီးငယ်လေးတစ်ယောက်၊ ဒီလိုမှမဟုတ်လည်း နှစ်မျိုးစလုံး။ အဲဒီသားသမီး၊ ဒါမှမဟုတ် သားသမီးအများအပြားကို ကျွန်တော်တို့အိုမင်းလာတဲ့အထိ ကျန်းကျန်းမာမာ ကြီးပျင်းလာတာ ကျွန်တော်လိုချင်ပါတယ်။ သူတို့ကို ဒီနေရာ၊ ဒီအိမ်မှာပဲ ကျွန်တော်တို့နဲ့အတူတကွ နေထိုင်ကြီးပြင်းကြစေလိုပါတယ်။ ဘ၀ကိုဖြတ်သန်းစေမယ်၊ မှန်မှန်ကန်ကန်ကြီးပြင်းစေမယ်၊ ကိုယ်ပိုင်ဘ၀တစ်ခု ထူတောင်ဖို့ လောကကြီးထဲကို ခေါ်ဆောင်ပြီး ပျော်ရွှင်စွာနေထိုင်ကြစေလိုပါတယ်။
ထိုသူက သူတို့ကို ပြုံးပြီးကြည့်ရင်း သူ၏လက်အစုံဖြင့် တစ်ယောက်စီကို ထိလိုက်သည်။ စကားတစ်လုံးတစ်ပါဒမျှ မပြောဘဲ စားပွဲမှထ၊ ဦးထုပ်ဆောင်း၊ ပုခုံးတွင် လွယ်အိတ်ကိုလွယ်ပြီး သူ၏လမ်းလျှောက်တုတ်ကို သူက ယူလိုက်သည်။ တံခါးဆီသို့ လျှောက်သွားပြီး သူက ရပ်တန့်၍ နောက်ပြန်လှည့်ကြည့်လိုက်သည်။ စားပွဲတွင်ထိုင်နေဆဲဖြစ်သော ဇနီးမောင်နှံကို သူက လှမ်းပြောလိုက်သည်။ ကျွန်တော်သတိရနေမှာပါ။ ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ ထို့နောက်တွင် သူက ပြန်လှည့်သွားပြီး တံခါးအပြင်၊ ထိုမှ မြို့ပြင်သို့ တရွေ့ရွေ့ ထွက်ခွာသွားလေတော့သည်။
♀ ♀ ♀ ♀ ♀
“ဆန္ဒတစ်ခုဟာ မေ့လျော့ခံရပြီဆိုရင် အမှန်တကယ် ဘယ်တော့မှဖြစ်လာနိုင်
တော့မှာမဟုတ်ဘူး။ ဒါ့အပြင် တစ်ကြိမ်ပျောက်ဆုံးသွားပြီဆိုတာနဲ့ ဘယ်တော့မှ
ပြန်လည်မရရှိနိုင်တော့ဘူး”
တော့မှာမဟုတ်ဘူး။ ဒါ့အပြင် တစ်ကြိမ်ပျောက်ဆုံးသွားပြီဆိုတာနဲ့ ဘယ်တော့မှ
ပြန်လည်မရရှိနိုင်တော့ဘူး”
♀ ♀ ♀ ♀ ♀
ထိုသူကို နောက်တစ်ကြိမ် မြို့အတွင်းဖြတ်သန်းသွားလာခြင်းမတွေ့ရတော့သလို သူ၏အကြောင်းကိုလည်း ထိုနေ့မှစ၍ လုံးဝ မကြားရတော့ပေ။ သို့သော် ပန်းပဲဆရာနှင့် သူ၏ဇနီးကတော့ သူ့ကို သတိရနေကြဆဲဖြစ်ပြီး အမိုးအပြင်ဘက်ရှိ ကြယ်စုံသောညကောင်းကင်အောက်တွင် အတူထိုင်ရင်း ထိုသူ့အကြောင်းကို အခါအားလျော်စွာ ပြောမိလေ့ရှိ ကြသည်။ ဤသို့ဖြင့် ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးနှစ် သားသမီးများထွန်းကားလာချိန်တွင် သူတို့က ထိုသူ၏အကြောင်းနှင့် သူတို့၏ဆန္ဒများအကြောင်း ကလေးများအား ပြန်လည်ပြောပြကြသည်။ ထို့နောက် သားသမီးများလည်းကြီးပြင်းလာပြီး ကိုယ့်ဘ၀ကိုယ်ရပ်တည်ရန် ပြောင်းရွှေ့နေထိုင်ရင်း သူတို့သည်လည်း ခရီးလှည့်လည်နေခဲ့သော လူတစ်ယောက်နှင့် သူ၏ဆန္ဒများအကြောင်း တစ်ခါတရံ တွေးမိတတ်ကြလေသည်။
ပန်းပဲဆရာနှင့်ဇနီးသည်သည် ယနေ့ကဲ့သို့ ရေဒီယိုနှင့် လေယာဉ်ပျံများပေါ်ထွန်းလာသည့်ခေတ်တိုင်အောင် အသက်ရှည်နေထိုင်ခဲ့ကြသည်။ ကျန်းမာပျော်ရွှင်စွာ သက်တောင့်သက်သာဖြင့် မသေဆုံးမီအချိန်အထိ နေထိုင်သွားခဲ့ကြလေသည်။ (သူတို့သည် သားသမီးများ၊ မြေးများနှင့် မြစ်များဝန်းရံပြီး ကုတင်တစ်ခုထဲတွင်ပင် လက်ချင်းဆုပ်ကိုင်ကာ အတူတကွ ညင်သာစွာ ဘ၀ကူးသွားကြပေသည်) အကယ်၍ ဖုန်ထူသောနေ့ရက်များ အတွင်းမှ လူတစ်ဦးတစ်ယောက်သည် ယနေ့တိုင်သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး မြို့လယ်ကောင်တွင် ပုလွေမှုတ်နေသော လူတစ်ယောက်ကို မှတ်မိသတိရနေမည်ဆိုလျှင်… ပန်းပဲဆရာနှင့်သူ၏ဇနီးငယ်မှာ ထိုသူကို အိမ်အတွင်းသို့ ဖိတ်ခေါ်ဧည့်ခံခဲ့ဖူးသည်ဟု ထိုသူက ပြောလိမ့်မည်မဟုတ်ပေ။ ယနေ့တိုင်အောင်ပင် ကြီးကြီးငယ်ငယ် အရွယ်မရွေးသော လူများသည် ဆန္ဒများအကြောင်းကို မေ့မေ့လျော့လျော့ ရှိနေတတ်ကြသည် မဟုတ်လား…။
Chris Roberson ၏ Wishes ကို ဘာသာပြန်ဆိုပါသည်။
◄ တေဇာ ► အောက်တိုဘာ (၃) ၂၀၀၉

Comments
Post a Comment