တကယ်တော့ တော်ရိလျော်ရိဖတ်စာ (၁) ဆိုတာကို တော်ရိလျော်ရိစဉ်းစားပြီး ရေးလိုက်ခြင်းဖြစ်ပါသည်။ ဘယ်လိုကြောင့် (၁) ဆိုသည့် နံပါတ်စဉ်တပ် ထားခဲ့မိသည် မသိ..၊ ၂၊ ၃ စသည်ဖြင့် အဆက်ရေးဦးမည့် ပုံစံပေါက်နေသည်။ သို့သော် သေသေချာချာ စီစဉ်စိတ်ကူးထားခြင်းက မရှိ။ တကယ်တော့ တော်ရိလျော်ရိဆိုသည့်အတိုင်း သေသေချာချာ စီစဉ်စဉ်းစားထားသည်များကို ရေးသားခြင်းမျိုး မဟုတ်ဘဲ စိတ်ကူးထဲပေါ်လာသည့် အတွေးများကိုသာ အဆင်သင့်သလို လျှောက်ရေးချနေခြင်းသာ ဖြစ်သည်။ သို့သော် ဘာရေးရေး ခေါင်းစဉ်က အကာအကွယ် ပေးထားသလို ဖြစ်နေသဖြင့် အာပတ်လွတ်နေသည်ဟုပင် ဆိုရမည်။ “ကျွန်တော့်ခေါင်းစဉ်ကိုက တော်ရိလျော်ရိပါဆို ရွက်ကြမ်းရေကြိုလောက်ပဲဖတ်ရမှာပေါ့…” ဒီလိုအချိုးမျိုးဖြင့် စာဖတ်သူကို (တစ်ယောက်တလေ ရှိခဲ့ရင်ပေါ့လေ) ဆင်ခြေဆင်လက် ပေးနိုင်သည်။ ဤသို့ ခံစစ်လေးတည်ဆောက်ထားခြင်းက မမှားဟုတော့ထင်သည်။ Blog မှာက ဂျာနယ်လိုမဟုတ်။ ကားစပယ်ယာရာထူးရဖို့ လိုင်စင်လိုနေသူများ အရည်အချင်းပြည့်ဝရန် Blog နှင့် Forum များတွင် Comment ပေးခြင်းဖြင့် ဆဲရေးလေ့ကျင့်နေသည်ဟု သိရသည်။ ခုလို ကတုပ်ကျင်းလေးဆောက်ထားတော့ အနည်းငယ်တော့ စိတ်အေးလက်အေး ရေးနိုင်မည်ထင်သည်။
ကျွန်တော်ကျောင်းသားဘ၀က စာစီစာကုံးရေးရာတွင် အတော်ချူချာခဲ့သည်။ ကျောင်းသားဘ၀ကချူချာသည် ဆိုလို့ အခုဒေါင်ဒေါင်မြည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အခုလည်း မဖြစ်ညစ်ကျယ်အဆင့်သာ..။ ချူချာပုံက ခေါင်းစဉ်နှင့်စာကိုယ် အမြဲတမ်းတလွဲစီ ဖြစ်နေတတ်ခြင်းဖြစ်သည်။ စာကိုတော့ စိတ်ဝင်တစားရေးသည်။ စာစီစာကုံးရေးရန် ခေါင်းစဉ်တစ်ခုပေးထားလျှင် စဉ်းစားပြီးသည်နှင့် အလျင်မပြတ် ချရေးသည်။ နိဂုံးပိုင်းလောက် အရောက်တွင်မှ ကိုယ်ရေးသည့်စာ ကိုယ်ပြန်သတိပြုမိသောအခါ ပေးထားသည့်ခေါင်းစဉ်နှင့် တလွဲစီ။ ဆက်စပ်တွေးမိသည်များကို မထိန်းကွပ်ဘဲ လိုက်ရေးသွားမိသဖြင့် မူလအကြောင်းအရာမှသွေဖည်၍ လမ်းချော်သွားခြင်း ဖြစ်လေသည်။ ဒီတော့ နိဂုံးကိုလည်း မယ်မယ်ရရ ဆွဲလို့မရတော့။ မှတ်မှတ်ရရ ဆယ်တန်းတုန်းက ဇွဲရှိခြင်း၏ ကောင်းကျိုးများ (အဲဒီလိုဆန်ဆန်ခေါင်းစဉ်၊ အတိအကျမဟုတ်) ဆိုသည့် ခေါင်းစဉ်ကို ခပ်တည်တည်ရွေးချယ်လိုက်သည်။ စာစီစာကုံးကို ခြောက်လနေလို့ တစ်ပုဒ်မရေးဖြစ်။ အမှန်အတိုင်းပြောရလျှင် လောက်လောက်လားလားတစ်ပုဒ်လောက် တစ်ခါမျှပင် မရေးဖူးသလို နမူနာများလည်း ဖတ်လေ့မရှိ။ အတွေးတွေက ခေါင်းထဲအလိုလိုရောက်လာသည်။ ဤတွင် တော်တော်အတွေးအခေါ်ကောင်းတဲ့ ငါပါလား၊ ဘ၀င်လေးတစ်ပဲသားနှင့် အားတက်သရော စရေးလေတော့သည်။
“စင်စစ် ဇွဲရှိခြင်း၏ ကောင်းကျိုးများအကြောင်း ထင်ရှားလိုပါက ဇွဲမရှိလျှင် ဘာဖြစ်မည်ဆိုသည်ကို စဉ်းစားဖို့လည်းလိုပေသည်… ” ဟု ကြီးကြီးကျယ်ကျယ် အစချီကာ တခြားမေးခွန်းတွေ မဖြေနိုင်သည့်အတူတူ စာစီစာကုံးထိုင်ရေးပြီး မထူးဇာတ်ခင်းနေလိုက်သည်မှာ စာမျက်နှာ ခြောက်မျက်နှာလောက် ဖြစ်သွားသည်။ တခြားကျောင်းသားများ အဖြေလွှာအပ်၊ လှုပ်လှုပ်ရှားရှားဖြစ်လာတော့မှ ကျွန်တော်လည်း စာမေးပွဲခန်းထဲက ထွက်ချင်စိတ်ပေါက်လာသဖြင့် နိဂုံးကို ဘရိတ်အုပ်ပြီး သတ်လိုက်သည်။ နည်းနည်းပြန်ဖတ်ကြည့်မှ ဆိုပြီး ခပ်သွက်သွက်ဖတ်ကြည့်သည်။ ဇွဲရှိခြင်း၏အကျိုးဟူသည့် ခေါင်းစဉ်နှင့်သက်ဆိုင်သည့် အချက်အလက်၊ အကြောင်းအရာ တစ်ခုမျှမပါ၊ ဇွဲမရှိခြင်း၏ ဆိုးကျိုးများချည်းဖြစ်နေသည်။ ပြန်ဖျက်ပြီးအသစ်တစ်ပုဒ် ရေးရန်လည်း ဇွဲမရှိတော့၊ အချိန်လည်းမရှိတော့။ ထိုခါးတောင်းကျိုက်လွှဲနေသည့် စာစီစာကုံးဖြင့်သာ ဆန့်ငင်ဆန့်ငင် ကျေနပ်လိုက်ရတော့သည်။ ခုချိန်မှာတော့ ဉာဏ်နီဉာဏ်နက်ကလေးသုံးပြီး ပြုပြင်ရပါသည်။ စာရေးပြီးမှသာ သင့်လျော်သည့်ခေါင်းစဉ်ထိုးရန် စဉ်းစားရသည်။ ကိုယ်ဘာရေးမယ်မှန်း ကိုယ်တိုင်ပင်မသိ။ ရေးပြီးမှ ခေါင်းစဉ်စဉ်းစားသည်။ သို့တိုင် စာဦးတည့်ရာရေး၊ ကီးဘုတ်အရိုးမရှိတိုင်း တဖျောက်ဖျောက် ရိုက်ထားခြင်းများသာ ဖြစ်၍ ခြုံမိသည့် ခေါင်းစဉ်တစ်ခုပေးရန် အခက်တွေ့ရသည်။ တစ်ခါတရံ မော်ဒန်ကဗျာဆရာများ၏ နည်းနာကိုယူ၍ စာသားနှင့်လားလားမှမဆိုင်သည့် ခေါင်းစဉ်ကိုပင် အဓိပ္ပာယ်လေးသနက်သယောင်၊ ၀င်္က၀ုတ္တိယောင်ယောင်၊ ၀ှက်စာယောင်ယောင် ခပ်တည်တည် တပ်ရသည်။ ဒါလည်း အဆင်ပြေပါသည်။ နာမည်က ဘာကိုဆိုလိုတာလဲဟုမေးလျှင် ညံ့ရာကျမည်စိုး၍လားမသိ၊ မည်သူမျှ မေးလေ့မေးထတော့မရှိ။
ကျွန်တော်၏ ပင်ကိုယ်သဘာဝက အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်ပိုကဲသလား ကိုယ့်ကိုယ်ကို ထင်မိသည်။ Positive Attitude ဟု သုံးနှုန်းသည့် စိတ်ပိုင်းဆိုင်ရာ သဘောထားကတော့ ကောင်းသည်ဟု ယူဆပါသည်။ အကောင်းမြင်ဝါဒ (Optimism) နှင့် အဆိုးမြင်ဝါဒ (Pessimism) ဘယ်သင်းက ကောင်းသလဲဆိုတာတော့ နှိုင်းယှဉ်၍ ရမည်မထင်။ တစ်ခုခုကို ပုံသေစွဲကိုင်ထားပြီး ပြဿနာများ၊ ဖြစ်ရပ်များကို ချဉ်းကပ်သင့်သည် မထင်ပါ။ ပင်ကိုယ်လူ့သဘာဝတွင် လုံးလုံးကောင်း၊ လုံးလုံးဆိုးဟူသည့် “အတိဿယ၀ုတ္တိ တိမ်းညွှတ်ချက်” မျိုး ပါရှိသည်ဟု မှတ်သားရဖူးသည်။ ၀တ္ထု၊ ရုပ်ရှင်တွေထဲတွင် လူကောင်းနှင့်လူဆိုး ဟူ၍ ကွဲပြားနေခြင်းမျိုးပင် ဖြစ်ပါသည်။ တကယ်တော့ ဖြစ်ရပ်တစ်ခုခုဖြစ်ဖြစ်၊ လူတစ်ဦးတစ်ယောက်ဖြစ်ဖြစ် အဆိုးနှင့်အကောင်း ရောထွေးနေသည့် အခြေအနေတစ်ရပ်တွင်သာ တည်ရှိနေခြင်းမျိုးဖြစ်မည် ထင်ပါသည်။ Black and White Thinking ၊ Either or Logic စသည့် သဘောတရားများနှင့် ချိန်ထိုးကြည့်နိုင်ပါလိမ့်မည်။ ဒီကွေ့ရောက် ဒီတက်နှင့်လှော်၊ ဒီနား မိကျောင်းခေါင်းပေါ် ဒီတက်နှင့်သာ ဆော်ရပါမည်။
လတ်တလော အဖြစ်အပျက်ကလေးများနှင့်ပတ်သက်၍ စပ်မိစပ်ရာအတွေးတချို့ ခေါင်းထဲတွင်ရှိနေသည်။ တစ်နေ့က အိပ်ယာကနိုးနိုးချင်း အိပ်ချင်မူးတူး အခြေအနေတွင် အဖေက မျက်လုံးကြီးပြူး၍ ကတိုက်ကရိုက် သတင်းပေးသည်။ ဘာလဲ… ကမ္ဘာကိုတိုက်မယ့် ဂြိုဟ်ပဲ့ကြီး မြင်နေရပြီလား…၊ ဘယ်နှစ်ဆယ်သားလောက် ရှိလဲ၊ နေပြည်တော် တည့်တည့် ကျနိုင်ချေ ဘယ်လောက်ရှိ သလဲ… စသည်ဖြင့် ရေမျောကမ်းတင် ကြိုတင်ယူဆချက် များအား ခဏသိမ်းထားပြီး ငြိမ်ငြိမ်သက်သက် နားထောင်နေလိုက်သည်။ အားလုံးသိကြသည့်အတိုင်း စာရေးဆရာ နီကိုရဲ ကွယ်လွန်သွားပြီ ဆို၏။ နီကိုရဲစာအုပ်နှစ်အုပ် ရန်ကုန်တွင် စာအုပ်ဆိုင်မှငှားပြီး ပြန်မအပ်ဖြစ်သည့်ကိစ္စ ဖျပ်ခနဲခေါင်းထဲရောက်လာသည်။ စာရေးဆရာဆိုတာ ၀ါဒတစ်ခုအောက်မှာ နေ့ကိုမနေသင့်ဘူး ဟူသည့် ကိုဦးဆွေက နီကိုရဲကိုဗျူးခဲ့သည့် လူပေါ်လူဇော် အင်တာဗျူးကြီးကို သတိရမိသည်။ ဆရာပီမိုးနင်းစကားပြေအရေးအသား ညံ့သည်ဟု အင်တာဗျူးတစ်ခုတွင် ခပ်တည်တည်ပြောဝံ့သော နီကိုရဲ၏ သူရသတ္တိကို တွေးမိ၏။ ခုတလော ဖတ်မိသည့် မဂ္ဂဇင်းအဟောင်းများတွင်လည်း ထိုကိစ္စများအတွက် နီကိုရဲကို ဝေဖန်သည့်ဆောင်းပါးများ ဖတ်ခဲ့ရသည်။ စကားပြောအတိမ်းအစောင်းရှိလျှင် ဤသို့ ပယ်ပယ်နယ်နယ် ဆော်ခံရတတ်ပါလားဟူသည့် သင်ခန်းစာနှင့်အတူ နီကိုရဲကိုယ်တိုင်၏ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသည့်လေသံ ပေါက်နေသည့်စကားများ … စသည်စသည် တစ်စက္ကန့်အတွင်းမှာပင် ဆရာနီကိုရဲနှင့် ရင်းနှီးမှုသိပ်မရှိပါဘဲနှင့် (သူ့စာများ စွဲစွဲလန်းလန်းမဖတ်ဖူးခဲ့ပါဘဲ) အတွေးအများအပြား ပေါ်လာသည်။ ခုတော့လည်းဆုံးရှာပြီပေါ့။ ဒါတွေဘာများဆန်းပါသလဲ။ အခု ကျွန်တော်လျှောက်ရေး နေသည့်စာများ၊ လျှောက်ပြောနေသည့် စကားများကရော ဘာများဆန်းပါသလဲ။ ဂျာနယ်လစ်ကြောင်ပါးကြီး တစ်ဦး၏ “သေရင်ပြီးပြီ” ဟူသည့် တုံးတိတိဆောင်ပုဒ်ကိုပင် အောင့်သက်သက် လက်ခံရမလိုလိုပင်။ ဤသို့ ကိုယ့်ကိုယ်ကို တရားရှိသယောင်ယောင် လိမ်လည်ဖျားယောင်းပြီး Facebook ပေါ်သို့ အတင်းအဖျင်း၊ အငြင်းအခုန် ဇာတ်လမ်းစရန် ခုန်ဝင်လိုက်လေသည်။
အပေါ်ဆုံးတွင်ရှိသည့် Post က ဆရာနီကိုရဲသေဆုံးသည့်သတင်းနှင့် ဆီးကြိုနေသည်။ Comment တွေက မဆုံးနိုင်သဖြင့်… ခေါက်သိမ်းထားရသည်။ စပ်စပ်စုစု လိုက်ဖတ်ကြည့်လိုက်သည်။ ;( ၊ X-( ၊း( ၊ ;O စသည့် Emoticons များ၊ ၀မ်းနည်းပါတယ်၊ စိတ်မကောင်းပါဘူး၊ နှမျောလိုက်တာ၊ စသည်ဖြင့် ကိုယ်ချင်းစာစိတ်ကိုဖော်ပြသည့် မှတ်ချက်များ အများအပြားတွေ့ရသည်။ တချို့ဆိုလျှင် စိတ်မကောင်းခြင်းအား ကိုယ်တိုင်စာမရိုက်ဘဲ ကော်ပီကူးပြီး စိတ်မကောင်းလိုက်ကြဟန်ပေါ်သည်။ စာလုံးပေါင်းသတ်ပုံအမှားလေးတွေ တူနေသည်ကိုပင်တွေ့ရသည်။ သေဆုံးသူအတွက် စိတ်မကောင်းဖြစ်ရခြင်းကိစ္စ အသာထား၍ ဤသို့စိတ်မကောင်းဖြစ်ရခြင်းကို စိတ်မကောင်းဖြစ်ကြောင်း ပြောနေရသည်မှာ အနည်းငယ်ထူးဆန်းသလို ဖြစ်နေသည်။ သာမန်စာဖတ်ပရိသတ် တစ်ယောက်အတွက် သြော်...ကိုရဲဝင်းရဲ့ ကပြက်ကချော်ဟာသလေးတွေ မဖတ်ရတော့ဘူးဟူသည့်အတွေးနှင့်ပင် ၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်း ဖြစ်မိပေမည်။ ထို့ထက်ဘာများ နင့်နင့်နဲနဲဖြစ်စရာအချက် ရှိနေပါသလဲ။ စင်စစ် ပိုးစိုးပက်စက် ရိုးသားစတမ်းဆိုပါလျှင် “မိမိက အပျင်းပြေဖတ်စရာတစ်ခု လျော့ပါးသွားသဖြင့် ကိုယ့်အတွက်ကိုယ် စိတ်မကောင်းဖြစ်နေခြင်း” မျှသာဖြစ်ပါသည်။
ဆရာနီကိုရဲမရှိတော့ဘူးဆိုလျှင် အကြည်တော်၏ ဟဒယရွှင်ဆေးကလေးများနှင့်ပင် ဘ၀အမောများကို ကလိထိုးဖြေဖျောက်ရပေတော့မည်။ ဤသည်ထက်ပို၍ ဘာများ စိတ်မကောင်းဖြစ်နေစရာရှိပါသလဲ…။ ရှိခဲ့လျှင်လည်း ဘာကြောင့် မောင်းတီးပြချင်ကြပါသလဲ ဆိုသည့်အချက်ကို အပြစ်တင်လိုခြင်းစိုးစဉ်းမျှမပါဘဲ ဆက်လက်တွေးကြည့်မိသည်။ တကယ်တော့ သတင်းစာထဲ ၀မ်းနည်းကြေကွဲခြင်းသတင်းထည့်သလို လုပ်ရပ်မျိုးကို အသွင်ကွဲတစ်မျိုးဖြင့် မြင်ရခြင်းသာဖြစ်သည်။ သတင်းစာထဲထည့်ရာတွင် ဂုဏ်အတွက်ပါသည်။ မိမိသည်ကိုယ်ချင်းစာတရားရှိသူဖြစ်ကြောင်း ငွေနှင့်စက်ကြေငြာပြခြင်းသာ ဖြစ်ပါသည်။ “မိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်” ဟူသည့်စာသားသည် တရားဝင်သောနည်းလမ်းဖြင့် လိမ်ညာနေခြင်းသာ ဖြစ်ပါသည်။ သေဆုံးသူကိုကျွေးမွေးပြုစုခဲ့သည့် မိဘနှင့် သူ့မိသားစုအသိုင်းအ၀ိုင်းလောက် မည်သူကမျှ “ထပ်တူထပ်မျှ” ၀မ်းနည်းမနေနိုင်ခြင်းသည် ဦးထုပ်ခြောက်လုံးစဉ်းစားနည်းဖြင့် အဖြေရှာစရာ မလိုသည့် ရိုးစင်းလှသည့်အချက်ဖြစ်ပါသည်။ ထို့အတူ Comment တွင် စိတ်မကောင်းဖြစ်ခြင်း များသည်လည်း ကျွန်တော်တို့ဟာ “စာပေကိုတန်ဖိုးထားပါတယ်၊ စာရေးဆရာများကိုချစ်ပါတယ်၊ ကိုယ်ချင်းစာတရား ပြည့်ဝပြီး စိတ်နှလုံးနူးညံ့လှပါတယ်” စသည့် Message များကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြနေခြင်းဖြစ် သည်ဟု ကောက်ချက်ချမိလိုက်လေသည်။
သို့သော် မိမိကိုယ်ကိုနှင့် အခြားသူများကို မသိစိတ်၏ လှည့်စားခြင်းများသက်သက်မျှသာဖြစ်သည်ဟု ဆိုလိုခြင်းမျိုး မဟုတ်ပါ။ ၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်းများ ရှိနိုင်ပါသည်။ ဤသို့ ၀မ်းနည်းစိတ်တွင် ပုန်းကွယ်နေသည့် လှည့်စားလိုစိတ်၊ ကိုယ်ကျိုးစိတ်ကလေးများ ပူးတွဲပါရှိနေခြင်းမျှသာဖြစ်သည်ဟု ဆိုလိုပါသည်။ သို့သော် ထိုအချက်ကို ကျွန်တော်တို့က ထင်ထင်ရှားရှားမြင်ရလိမ့်မည် မဟုတ်ပါ။ ထို့အတူ ထိုကိုယ်ကျိုးစိတ်ကလေးများကို ကောင်းသည်ဆိုးသည် မှတ်ချက်များ အလျဉ်းမပေးလိုပါ။ သတိထားမိရန် မလွယ်ကူသည့် သိမ်မွေ့သောသဘာဝကို မြင်အောင်ကြည့်ခြင်းသာဖြစ်ပါသည်။ မိမိတို့၏ မသိစိတ်တွင်ထင်ဟပ်နေသည့် အကြောင်းအရာများအား သိစိတ်ဖြင့်သာသုံးသပ်ကြည့်နိုင်သည်ဖြစ်ရာ ထိုအချက်ကို ၀န်ခံနိုင်ရန် “လုံလောက်သည့်ရိုးသားမှု” မဖြစ်မနေလိုအပ်နေမည်ဖြစ်ပါသည်။
သာမန်စာဖတ်ပရိသတ်အတွက်ကတော့ ဟုတ်ပါပြီ၊ မိသားစုအတွက်ရော မည်သို့နည်း။ စိတ်မကောင်း မဖြစ်ကြရတော့ဘူးလားဟုမေးလျှင် ကျိန်းသေပေါက် ၀မ်းနည်းလိမ့်မည်ဟုပင် ၀န်ခံရပေမည်။ သေဆုံးသူအတွက် စိတ်မကောင်းဖြစ်ရခြင်းသည် လူ့ပြည်လူ့ရွာတွင် ထူးဆန်းသည့်ခံစားချက်တစ်ခု မဟုတ်တော့။ ဘာလို့စိတ်မကောင်း ဖြစ်ရပါသလဲဟု နည်းနည်းထပ်ပေရှည်ပြီး စဉ်းစားကြည့်လိုက်စဉ်တွင် ပုန်းလျှိုးနေသည့် “အစစ်အမှန် စိတ်မကောင်းဖြစ်စရာက” တစ်စွန်းတစ်စပေါ်လာသည်။ သေဆုံးသူက အ၀ီစိတန်းရောက်သွားမှာ သေချာနေလို့ စိတ်မကောင်းဖြစ်တာလား၊ မကောင်းသည့်ဘုံတစ်ခုခုကို ကျရောက်ရန် သေချာနေလို့လားဟု မေးရလိမ့်မည်။ အမှန်စင်စစ် သေဆုံးသူတို့၏ အနာဂတ်သည် ဘယ်ဆီဘယ်ဝယ်ဟု သေချာကျနစွာ သိမြင်နိုင်သူ “တစ်ဦးတစ်လေမျှ” ရှိမနေပါ။ အားကိုးစရာ ဖခင်တစ်ယောက်ဆုံးရှုံးသွားမည့် သားသမီး၊ အားထားစရာ သားသမီးတစ်ယောက် လက်လွှတ်ရသည့် မိဘနှင့် လက်တွဲဖော်တစ်ယောက် ပျောက်ကွယ်သွားသည့် ချစ်သူ… စသည်တို့သည် မိမိတို့၏ ဆုံးရှုံးခြင်းများကို ၀မ်းနည်းခြင်းများသာ ဖြစ်ပေသည်။
ဤတွင်လည်း ကောင်းသည်ဆိုးသည်ဆုံးဖြတ်လိုခြင်း လုံးဝရှိမနေပါ။ “ကိုယ့်အတွက် ကိုယ်ကြည့်၊ ကိုယ့်အတွက် ကိုယ်တွေးခြင်း”အတွက် အပြစ်တင်စရာရှိသည် မမြင်နိုင်ပါ။ လူ့စိတ်သဘာဝအား ၀တ်လစ်စလစ်အခြေအနေတွင် ရှုမြင်ကြည့်ခြင်း ဖြစ်ပါသည်။ အကယ်၍ ဤသို့သဘောထားများမှာ မကောင်းဟု ယူဆခဲ့ပါလျှင် လူ့သဘောတွင် ကောင်းခြင်းဆိုးခြင်း ရောပြွန်းနေသည်ဟူ၍သာ ဖြေသိမ့်နိုင်ပါသည်။
တကယ်တော့ ဤအတွေးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပါသည်။ လက်မခံချင်စရာ ဆေးခါးကြီး သဖွယ်လည်း ဖြစ်၏။ သို့သော် လုံလောက်အောင် ရိုးသားမှုရှိ၍ လူ့သဘာဝ၏ ကိုယ့်ဘက်ကိုယ်ယက် ဘက်လိုက် (Bias) မှုများကို ဆင်ခြင်တုံတရားတွင်သန့်စင်ပြီး သုံးသပ်ကြည့်ပါလျှင် ခါးသော်လည်း ငြင်းဆန်ဖို့ ခက်ခဲသည်ကို တွေ့ရပေလိမ့်မည်။
မှတ်ချက်။ လတ်တလောအဖြစ်အပျက် (ဆရာနီကိုရဲ) နှင့် ဆက်စပ်၍ သေခြင်းတရားအပေါ် ဆက်လက် တွေးကြည့်ထားခြင်းသာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်အား ထိခိုက်နစ်နာစေလိုသောစိတ်ထား လုံးဝ မရှိပါ။
ဆက်ရန်..... ►
◄ တေဇာ ►

ဘရာဗိုဗျာ တော်ရိလျှော်ရိ ဖတ်စာာ က အလေးအနက် တွေးစရာ
ReplyDeleteတွေအပည့်ပဲ ... ။
ခင်ဗျားကတော့ တကဲ့ စည်းအပြင်ကလူ ဖြစ်နေပီဗျာ ... သေသူကသေပီ ကွန့်မန့်ရေးတဲ့သူတွေလက်ကမြင်းပီးပဲရေးရေး သူ့ဟာသူနေပါစေဗျာ ...ဘာသာမဲ့တွေက လူ့ကျင့်ဝတ်တွေကို မကြိုက်ဘူးဆိုရင်လဲ တောထဲသွားနေပေါ့ဗျာ.....ဘာကြောင်. england လာနေရသေးလဲ ....မြို့ပြလူနေမှုစရိုက် ထဲမှာတော့ လောကဝတ် ဆိုတာရှိနေမှာပဲ... စိတ်ပါပါမပါပါ မိုးလင်းလို့အလုပ်ရောက်ရင် how u doin mate ကတော့ လုပ်နေရတာပဲမဟုတ်လား....နီကိုရဲကိုနာလို့ပြောတာမဟုတ်ပါဘူး။(ကျွန်တော်နီကိုရဲ စာအုပ်တအုပ်ဆုံးအောင်မဖတ်ဖူးပါ)
ReplyDeleteစည်းအပြင်ကလူ နေကောင်းကျန်းမာစွာ စာရေးသားနိုင်ပါစေ =)
ReplyDeleteဘယ်လိုပဲ ဖြစ်ဖြစ် စာအရေးအသားတွေ ကြိုက်ပါတယ်
ReplyDeleteခေါင်းစဉ်ကို တော်ရိလျော်ရိ ဟု တပ်ထား၍ တော်ရိလျော်ရိဖတ်မိရာမှ တစ်ပိုဒ်ပြီး တစ်ပိုဒ် ဖတ်မိသောအခါ အလေးအနက် ထား ရေးသည့်သဘောကို တွေ့မိသည်။
ReplyDeleteစိတ်မကောင်းခြင်းကို စိတ်မကောင်းစွာ ဆိုသည့် အသုံးအနှုန်းဆန်းကို သတိထားမိသည်...။