Skip to main content

တော်ရိလျော်ရိ ဖတ်စာ (၁)

စကားလုံး မူပိုင်ခွင့်

စာရေးဖို့ ဟိုတွေးဒီတွေး တွေးဖြစ်ရင်း ထိုဟိုတွေးဒီတွေးများကို ဘယ်လိုခေါင်းစဉ် တပ်ရကောင်းမလဲ ထပ်တွေးရ ပြန်သည်။ အတွေးတွေက စနစ်တကျ ဆင်ခြင်တုံတရားက ထွက်လာသော လေးလေးနက်နက် အတွေးများ မဟုတ်။ ဟိုတစ်စဒီတစ်စ တောင်ရောက်မြောက်ရောက် များသာ ဖြစ်လေသည်။ ဒီတော့ “ရောက်တတ်ရာရာ အတွေးများ” ဟု ခေါင်းစဉ်တပ်ရကောင်းမလား စဉ်းစားမိသည်။ မဖြစ်သေး။ “ကိုရင်တာနှင့် ရောက်တတ်ရာရာများ” ဆိုတာက ရှိသေးသည်။ ဆရာတာကြီး အလုံး (စကားလုံးကိုပြောခြင်းသာ) ခိုးချတယ်ဟု စွပ်စွဲမှာ ကြောက်ရသည်။ “ကိုရင်ဇာနှင့် ရောက်တတ်ရာရာများ” ဆိုတော့လည်း သိပ်မနိပ်သေး။ ဒါဆို “သူလိုကိုယ်လို မောင်တေဇာ” ဆိုရင်ရော ဘယ်လိုနေမလဲ တွေးကြည့်ပြန်သည်။ ဦးမောင်ဝဏ္ဏအလုံးကြီး (ဤတွင်လည်း စကားလုံးကိုသာ ပြောခြင်းဖြစ်ပါသည်) ယူသုံးထားတယ် ယိုးစွပ်ကြဦးမည်။ ထီးထမ်းလမ်းလျှောက်နေသော လူတစ်ယောက်ဆိုပြန်ရင်လည်း ဦးမြင့်သန်းအလုံးနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်။ သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ဘဲ ခပ်လျှိုလျှို စကားလုံးလေးတွေမှန်သမျှ ဆရာသမားများက ဦးထားပြီးကြပြီ။ တော်ရိလျော်ရိအတွေးများ၊ သမန်ကာလျှံကာ အယူအဆများ... စသည်ဖြင့် ကိုင်းညွတ်နေသောစပါးနှံပမာ စိတ်ကြိုက်တွေ့သည့် ပေစုတ်စုတ်စကားလုံးတစ်လုံး မတွေ့နိုင်အောင် ဖြစ်နေသည်။

တကယ်တော့ “ကိုရင်ဇာနှင့် ရောက်တတ်ရာရာ” ဟု တပ်လိုက်လည်း မည်သူမျှတော့ တရားစွဲနိုင်မည်မထင်။ ရောက်တတ်ရာရာတွေးတတ်သူများက ဦးတာကြီးတစ်ယောက်ထဲမှမဟုတ်ဘဲ။ ဘာပဲဖြစ်ဖြစ် ဖြစ်တော့မဖြစ်သေးပါဘူး။ ထို့နောက်မှ စကားလုံးတစ်လုံးအား မူပိုင်ခွင့်ရှိသလား..စသည်ဖြင့် ရောက်တတ်ရာရာ တွေးမိပြန်သည်။ တရားစွဲခွင့်မရှိသော်လည်း စာဖတ်သူများကတော့ အလကား စကားလုံးခါးပိုက်နှိုက်လေး၊ အလစ်သုတ်လေးဟု အနည်းဆုံး စိတ်တွင်းကတော့ စွပ်စွဲတာ ခံရနိုင်သည်။ သူက စာရေးဆရာရင့်မကြီး မဟုတ်လား။ ကိုယ်က ထီးထမ်းလမ်းလျှောက်နေသော လမ်းပေါ်က လူတစ်ယောက်၊ သူလိုကိုယ်လို လူတစ်ယောက် မဟုတ်လား။ (အာာာ ဖြစ်ပြန်ပြီ) တစ်ဆက်တည်း သတိရသွားတာက “ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူရမယ်” ဟူသော မြန်မာ Blogger လောက၏ သံမဏိစည်းမျဉ်းကြီးဖြစ်သည်။

မိမိရေးသောစာ မိမိတာဝန်ယူသော Blogger များ

တစ်ခါတုန်းက တက်ကျမ်းယောင်ယောင်၊ ဖြတ်လမ်းယောင်ယောင် “စိတ်ချမ်းသာပျော်ရွှင်နည်း” ဟူသော ခေါင်းစဉ်ဖြင့်ရေးထားသည့် အချက်သုံးချက်အား ကျွန်တော်က ဝေဖန်ရေးယောင်ယောင်နှင့် လေကန်ရေးလုပ်လိုက်ဖူးသည်။ ဆရာသမားကလည်း ကြက်ခေါင်းဆိတ်မခံ ကျွန်တော့်ကို ပြန်တွယ်သည်။ ကျွန်တော်ကလည်း ငပိန်းပီပီ... အဲဒါလေးတွေကို ကျွန်တော့်ဘလော့ဂ်ပေါ်မှာ တင်ချင်လို့ပါ။ ခင်ဗျားစာတွေပါ တစ်ပါတည်းတင်မှ ပီပြင်မှာ တင်ခွင့်ပြုပါလားလို့ လေချိုလေးဖြင့်ခွင့်တောင်းသည့်အခါ အဲဒီ Blogger သံမဏိ စည်းကမ်းကြီးကို နားဖြင့်ဆတ်ဆတ်ကြားခဲ့ရသည်။ “ကျွန်တော်ရေးလိုက်တဲ့စာကို ဘယ်နေရာမှာမဆို ယူသုံးခွင့်ရှိပါတယ်။ အဲတစ်ခုပဲ... ကိုယ်ရေးတဲ့စာအတွက်လည်း ကိုယ်တာဝန်ယူနိုင်ရမယ်” ဆိုပဲ။ စိတ်ထဲကရော အပြင်ကပါ အတော်ချဉ်သွားမိသည်။ ဘယ်လိုများတုန်း... ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူရမယ်ဆိုတာ...။ အသေအချာ စဉ်းစားကြည့်ကြစေလိုပါသည်။

စကားလုံးအားဖြင့် “ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူတယ်” ဟု အားနှင့်မာန်နှင့်ပြောခြင်းရော နားထောင်ရခြင်းပါ ကောင်းပါသည်။ လူသူလေးပါး လေးစားချင်စရာ၊ အထင်ကြီးချင်စရာ ဖြစ်ပါသည်။ သို့သော် ဘယ်လိုများ တာဝန်ယူမှု ရှိပါသလဲ။ ကိုယ်ရေးတဲ့ အချက်အလက်တစ်စုံတရာ မှားသွားခဲ့သည်ရှိသော် “ပြန်တောင်းပန်ခြင်း” အားဖြင့် တာဝန်ယူတာလား။ လက်ဖက်ရည်တိုက်မှာလား၊ ဘီယာတိုက်မှာလား။ Responsibility ကို လက်တွေ့နည်းလမ်းတကျ စဉ်းစားကြည့်စေလိုပါသည်။ Blogger တို့တွင် Identity အထင်အရှားပြသထားခြင်းမရှိ။ လက်တွေ့လောကတွင် မည်သူမည်ဝါမှန်း ဖော်ပြထားစရာ မလို။ ကျွန်တော့်အနေဖြင့်မူ “ဦးဉာဏ်ဝင်းကို ဖိနပ်နဲ့ပေါက်တဲ့ကိစ္စကို နည်းတောင်နည်းသေးတယ်ဟု ပြောမိခြင်းဟာ မှားသွားပါတယ်။ ဘွာတေးပါ” ဟု “ပြန်လည်တောင်းပန်ခြင်း” သည်သာ အမြင့်မားဆုံး တာဝန်ယူမှုဖြစ်ပါမည်။ (ဥပမာအားဖြင့် ပြောခြင်းသာဖြစ်သည်။ ထိုကိစ္စကိုထောက်ခံသည်တွင် သံသယ တစ်စက်ကလေးမျှ ရှိမနေပါ)

တာဝန်ယူမှု (Responsibility)

ထို့အတူ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ Blog များ၏ Cbox များထဲတွင် ညစ်ညစ်ညမ်းညမ်း ဗြဲလရမ်း ဆဲခြင်း၊ ဆိုခြင်းများ မြင်မကောင်းအောင် တွေ့နေရသည်။ နံမည်တော့ မခံကြ။ ကိုညစ်စုတ်၊ ဦးရိုင်းစိုင်း စသည်ဖြင့် နာမည်ပြောင်များဖြင့် ဆဲခြင်းမျှသာဖြစ်သည်။ Virtual Identity ကြောင့် ဖြစ်ပွားရသော အကျိုးဆက်တစ်ခုသာ ဖြစ်ပါလိမ့်မည်။ ယဉ်ကျေးခြင်း၊ မယဉ်ကျေးခြင်းကိစ္စရပ်များနှင့် တိုက်ရိုက်အချိုးကျနေ သည်တော့မဟုတ်။ စောစောကကိစ္စကို ပြန်ကောက်ရလျှင် “မိမိစာမိမိ တာဝန်ယူသည်” ဆိုသော ရဲရင့်ပြတ်သားလှသည့် အယူအဆမှာ စေ့စေ့တွေးကြည့်မှ ရယ်ရသည့် ဟာသတစ်ပုဒ်ပမာသာဖြစ်ပါသည်။ အချက်အလက်မှားများ၊ ဘာသာပြန်အကျိုးအပဲ့များ၊ အသားလွတ် စော်ကားမော်ကားအရေးအသားများ အတွက် အမြင်မှန်ရသည်ဟုဆိုပါက “ပြန်လည်တောင်းပန်ခြင်း” ကိစ္စသည်သာ အဆုံးစွန် “တာဝန်ယူမှု” (Responsibility) ဖြစ်ပါသည်။ အယူအဆကွဲပြားခြင်းများအတွက်မူ တာဝန်ယူမှုသည် ရှိမနေပါ။ Agree to Disagree ကို လက်ခံနိုင်ခြင်းသည်သာ အခြေခံအကျဆုံး တာဝန်ယူမှုဖြစ်ပါမည်။ “Agree to Disagree ကိစ္စကို လက်မခံနိုင်” ဟု ဆိုလျှင်လည်း လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။

အကယ်၍ “တာဝန်ယူမှု” အကြောင်းပြောချင်သည်ဆိုလျှင် “စာပေဖြင့်မှိုင်းတိုက်နေသော၊ ပညာတတ်ဆန်ဆန် စကားလုံးများဖြင့် ပြည်သူလူထုကို ဇဝေဇ၀ါဖြစ်စေသော၊ တုံးသည်အသည်ညံ့သည်ဟု သွယ်ဝိုက်သောနည်းအားဖြင့် စော်ကားနေမှုများ၊ ရေလိုက်လွဲအယူအဆများကို လှလှပပတန်ဆာဆင်ပြီး ဆင်ခြေပေါင်းမြောက်များစွာဖြင့် လူငယ်များယုံချင်စရာကောင်းလောက်အောင် စာပေတိုက်ပွဲဆင်နွဲနေ ကြသော သူများကို ၎င်းတို့တာဝန်ရှိမှု၏ အပြစ်ဒဏ်ကို ထိုက်ထိုက်တန်တန် အပြစ်ပေးနိုင်သောအချိန်တွင်မှ ကျွန်တော်တို့က တာဝန်ရှိမှု အကြောင်းပြောကြလျှင် ကောင်းပါမည်။

ဘီလူးပုံပြင်

ထိုအကြောင်းမှဆက်၍ မကြာသေးခင်ကဖတ်ခဲ့သော ပုံပြင်လေးတစ်ပုဒ်ကို သတိရမိလိုက်သည်။ လူသူမနီးသည့် ရွာငယ်လေးတစ်ရွာမှ အခြားရွာများသို့ ခရီးသွားရာတွင် တောအုပ်ကြီးကို ဖြတ်ပြီး သွားရသည်။ ထိုတောတွင် ဘီလူးများသောင်းကျန်းနေသည်ဟု သတင်းကြီးသည်။ ထိုရွာလေးတွင် ကောင်မလေးတစ်ယောက်ရှိသည်။ သူမက အခြားရွာသို့ ခရီးသွားစရာ ရှိနေသည်။ သို့သော် သူမက အလွန်ငယ်သေးသဖြင့် ရွာသားများက တားကြသည်။ သူမက လက်မခံ။ မဖြစ်ဖြစ်အောင်သွားမည်ဟု ဆုံးဖြတ်ပြီး တောအုပ်ထဲသို့ ၀င်လာခဲ့သည်။

တောအုပ်အလယ်အရောက်တွင် လမ်းဆုံလမ်းခွ နှစ်ခုတွေ့သည်။ ဘယ်လမ်းသွားရမလဲ သူမတွေဝေနေစဉ်မှာပင် လမ်းတစ်ခုစီတွင် ဘီလူးကြီးနှစ်ကောင် ရှိနေမှန်း သူမ သိလိုက်ရသည်။ ဘယ်ဘက်လမ်းက ဘီလူးကြီးက စူးစူးဝါးဝါး အော်နေသည်။ ညာဘက်လမ်းက ဘီလူးကြီးက ငြိမ်သက်စွာ ရပ်နေသည်။ ဘယ်ဘက် ဘီလူးကြီးက အော်လေ ကောင်မလေးက ကြောက်လာလေဖြစ်သည်။ ထိုစဉ်မှာပင် ညာဘက်လမ်းက ဘီလူးကြီးက သူမကို လက်ယပ် ခေါ်သည်။ သူမက ကြောက်ကြောက်နှင့် အနားကပ်သွားမိသည်။ အနီးကပ်သေသေချာချာကြည့်မှ ထိုဘီလူးကြီးက ဘီလူးပီပီ ရုပ်သိပ်မဆိုးလှ။ ကြည့်ပျော်ရှုပျော်ဘီလူးကြီးဟု ဆိုရမည်။ ဘီလူးကြီးက သူ့ကို မကြောက်ဖို့နဲ့ သူ့နောက်လိုက်ခဲ့ဖို့ နှစ်သိမ့်သည်။ သူမ စိတ်သက်သာရာရသွားသည်။ ဤသည်ကို မြင်သော ကိုရုပ်ဆိုးဘီလူးကြီးက ပိုမိုဒေါသထွက်လာဟန် ရှိသည်။ ဒေါသတကြီးနှင့် ခြေကိုဆောင့်ပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။ ကောင်မလေးက ပိုမိုကြောက်ရွံ့လာပြီး ညာဘက်လမ်းက ဘီလူးကြီး ဦးဆောင်ရာသို့ ခပ်သွက်သွက် လိုက်သွားလိုက်သည်။ ဘီလူးချောကြီးက သူမရှေ့က ဦးဆောင်သွားသည်။ အနည်းငယ်လျှောက် မိသောအခါ သူမ မသိုးမသန့် ခံစားလာရသည်။ သူမ ဆက်မလိုက်ချင်တော့။ ဘီလူးချောကြီးကို သူမကြောက်လာသည်။ ဘာကြောင့်မှန်းမသိဘဲ ယုံကြည်မှု မရှိတော့။ ဘယ်ဘက်က ဘီလူးကြီးကလည်း စူးစူးဝါးဝါး အော်နေဆဲပင်။ သူမ ရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်ပြန်လှည့်ပြေးသည်။ ဘယ်ဘက်လမ်းကို ပြန်ပြေးသည်။ သူမ ဘယ်ဘက်လမ်းဆီသို့ရောက်ပြီး မကြာမီပင် ညာဘက်လမ်းထဲသို့ ကျောက်တုံးတွေ ပြိုဆင်းလာသည်။ သူမ ရှိနေမည့်နေရာတည့်တည့်ဖြစ်လေသည်။

“အဖျက်နှင့် အကြောက်”

ဤတော့မှ ကိုရုပ်ဆိုးဘီလူးကြီးကို သူမ ကြည့်လိုက်မိသည်။ ဘီလူးပီပီ အမှန်ပင် ရုပ်ဆိုးပါသည်။ ဘီလူးကြီးက သူစောင့်ရှောက်ရာ ဘယ်ဘက်လမ်းအတိုင်း ကောင်မလေးကို ဘေးမသီရန်မခအောင် ခေါ်ဆောင်သွားခဲ့သည်။ လမ်းတွင် ကိုရုပ်ဆိုးဘီလူးကြီးက သူမကို ပြောပြသည်။ သူ၏နာမည်က “အကြောက်” ဖြစ်လေသည်။ သူ၏ တာဝန်က လူတွေကို ကြောက်အောင်ခြောက်ဖို့သာဖြစ်လေသည်။ အန္တရာယ်ပေးဖို့မဟုတ်။ သို့သော် ညာဘက်လမ်းက ဘီလူးကတော့ “အဖျက်” ဖြစ်လေသည်။ သူက ဘီလူးဖြစ်သော်လည်း ကြည့်ပျော်ရှုပျော် ရှိသည်။ ကူညီချင်ယောင်ဆောင်သည်။ သို့သော် အသက်ပါနှုတ်ယူမည့်လမ်းကို ခေါ်သွားမည့်သူသာ ဖြစ်လေသည်။ ကောင်မလေးသည် ထိုခရီးမှရွာသို့ပြန်ရောက်လာသောအခါ အရင်တုန်းကကဲ့သို့ ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက် မဟုတ်တော့ဘဲ ရင့်ကျက်တည်ငြိမ်သည့် မိန်းမပျိုတစ်ယောက် ဖြစ်လာခဲ့လေသည်။ သူမသည် “အကြောက်” နှင့် “အဖျက်”ကို သိခဲ့ပြီးလေပြီ။ တဒင်္ဂအကြောက်ကို ကျော်လွှားနိုင်ခဲ့လျှင် လမ်းမှန်သို့ ရောက်နိုင်ပါလိမ့်မည်။ ဤတွင် ပုံပြင်လေး ပြီးဆုံးသွားခဲ့ပါသည်။

ဤပုံပြင်လေးကို “မြန်မာ့နိုင်ငံရေး” နှင့် ပမာပြုကြည့်နိုင်ပါလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲကို “ထောက်ခံ” သည့်လမ်းနှင့် “မထောက်ခံ” သည့်လမ်း လမ်းနှစ်သွယ်ရှိနေသည်ဆိုလျှင်… မထောက်ခံသည့်လမ်းသည် “အကြောက်တရား” ဖြစ်ပါလိမ့်မည်။ ရုပ်ဆိုးသည့်ဘီလူးကြီး စောင့်ကြပ်နေသည့် လမ်းပမာ လျှောက်လှမ်းရန် ကြောက်မက်ဖွယ်ကောင်းပါလိမ့်မည်။ တစ်ချိန်တည်းတွင် ညာဘက်တွင်လည်း “ဘီလူးချောကြီး” က လက်ယပ် ခေါ်နေပါသည်။ “ကိုရုပ်ဆိုးဘီလူးကြီး” ကိုကြောက်စိတ်နှင့်တစ်ပြိုင်တည်းတွင် “ဘီလူးချောကြီး” ၏ သွေးဆောင်မှုကို ငယ်ရွယ်သည့်ကောင်မလေးပမာဖြစ်သည့် မြန်မာလူငယ်များ အငိုက်မိသွားနိုင်ပါသည်။ “လက်တွေ့အလုပ်ဖြစ်ရေးလမ်းစဉ်” (Pragmatism) “အဖြူအမည်း တွေးနည်း” (Black & White Thinking) “နိုင်-နိုင် ဆက်ဆံရေး” (Win Win Relationship) “ငါသူ ခွဲခြားမှု” (Us Them) စသည့် ရွှေရည်စိမ် ပညာတတ် ဆန်ဆန်စကားလုံးများ စီချယ်ထားသည့် စကားများပြောနေသည့် “ဘီလူးချောကြီးများ” မြောက်များစွာ ရှိနေပါသည်။ ဤသည်ကို ရှောင်ရှားနိုင်ရန် လိုသည်ဟု ခံယူပါသည်။ သို့သော် အကြောက်တရားကို ကျွန်တော်တို့ ကျော်လွှားနိုင်ရပါလိမ့်မည်။ “အဖျက်တရား” ကိုရှောင်ရှားနိုင်ရန် “အကြောက်” ကို ရင်ဆိုင်ရပါလိမ့်မည်။

ဥပမာပေးခြင်းများ အကြောင်း (Metaphor)

ဆက်မိ၍ “ဥပမာ” (Metaphor) များအကြောင်း အနည်းငယ် ပြောလိုပါသည်။ အွန်လိုင်းပေါ်၊ စာမျက်နှာပေါ်မှ ငြင်းခုန်ရန်ဖြစ်ခြင်းများတွင် ၂၀၁၀ ရွေးကောက်ပွဲသည် “တစ်ခုတည်းသောရွေးချယ်စရာ” ဟု ယူဆသူများကို တွေ့ရပါသည်။ No Option ဖြစ်မည်။ Alternative နည်းလမ်းမရှိ။ (သည်းခံကြပါ။ စကားလုံးများနှင့် လုပ်ကြံသတ်ဖြတ်သည့်ရောဂါသည် ကျွန်တော်လည်း ကူးနေပြီလားမသိ။ ရိုက်မိရိုက်ရာ English စကားလုံးတွေ ရိုက်ထားခြင်းမျှသာ) သူတို့ပြသည့် ဥပမာကောင်းလေးတစ်ခု ပြောပါရစေ။ “မုန်တိုင်းတိုက်နေချိန်မှာ အိမ်ခေါင်မိုး မိုးယိုနေတယ်ဆိုပြီး ၀င်မခိုရင်၊ မိမိသာ မိုးစိုမှာဖြစ်ပါသည်။ ခေါင်က မလုံသော်လည်း အပြင်မှာရပ်နေသည်ထက်စာရင်တော့ သက်သာနိုင်သည်။ ထို့အတူပင် အခြားရွေးစရာ လမ်းမရှိခိုက်တွင် ၂၀၁၀ ရွေးကောက်ပွဲဟူသည့် ခေါင်ပေါက်နေသည့် အိမ်လေးထဲတွင်ပင် ခေတ္တအားဖြင့် ၀င်ရောက် ခိုလှုံသင့်သည်။ ပြီးရင် ခါးတောင်းမြှောင်အောင်ကြိုက်ပြီး ခေါင်ကိုတက်ဖာချင်လည်း ဖာပေါ့။ ဒီလိုမျိုးဥပမာပေးသည်။ အရမ်းနားထောင်ကောင်းသည့် ဥပမာ ဖြစ်ပါသည်။

သို့သော် အချက်တစ်ချက် ကျန်ခဲ့ပါသည်။ အိမ်ခေါင်မိုးတွင် အပေါက်တစ်ခုဖြစ်သွားပြီဆိုလျှင် မုန်တိုင်းတိုက်နေစဉ်အတွင်း ထိုအပေါက်မှ လေ၀င်ပြီး အိမ်ပါ ပြိုတတ်ပါသည်။ အိမ်ပြိုလျှင် အိမ်ထဲရှိလူများ ပိသေပါလိမ့်မည်။ ထို့ကြောင့် တကယ့်လက်တွေ့တွင် အပြင်တွင်နေခြင်းက ပိုအန္တရာယ်ကင်းပါသည်။ ဤ အချက်အလက်အမှန်များကို အဆိုပါဥပမာတွင် ချန်ခဲ့သည့်အချိန်တွင် ဥပမာသည် အရမ်းလှပနေပြီး ယုံချင်စရာ အလွန်ကောင်းနေတော့သည်။ ဤသည်မှာပင် ဥပမာဆောင်ပြခြင်း (Metaphor) များ၏ အားနည်းချက်ဖြစ်ပါသည်။ စကားတတ်သူ၊ စာဖတ်များသူက ကြိုက်သလို စနိုးတာဝါကို နို့မလိုင်လုပ်သလို လုပ်ပြနိုင်သည်။

လှပသောကလေးမနှင့် AIDS ရောဂါ

အလားတူ လှတပတ ဥပမာလေးတစ်ခု ထုတ်ပြလိုပါသေးသည်။ AIDS ဝေဒနာရှင်များ သောက်ရသည့် ARV ဆေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ညီမျှခြင်း ထိုးသည်။ အလွန်ချောမောလှပသော ကောင်မလေး (မြန်မာနိုင်ငံ) ကို ရမ္မက်သမားလူရမ်းကားကြီး (ဘယ်သူရှိမလဲ... စစ်အစိုးရပေါ့) က မုဒိန်းကျင့်လိုက်သည်။ ကောင်မလေး အေ့စ်ကိုက်သွားသည်။ ပိန်ချုံးချိနဲ့ပြီး ပင်ကိုယ် အလှအပများ ကွယ်ပျောက်သွားရသည်။ ဤတွင် ကိုရမ်းကားက သနားသွားသည် ဆို၏။ ကောင်မလေးအား ARV (ရွေးကောက်ပွဲ) ဆေးတိုက်သည်။ ကောင်မလေး အနေဖြင့် ကိုရမ်းကားကို ယုံကြည်မှုမရှိ၊ ယုံကြည်မှုမရှိခြင်းကြောင်း ဆေးအတုလားအစစ်လား သံသယ ၀င်သည်။ ကိုရမ်းကား တိုက်သည့်ဆေးကိုတော့ မသောက်။ “အသေခံသွားမယ်” ဟု တွေးသည် ဆို၏။ သို့သော် အသေခံလို့လည်း ကိုယ်ပဲသေရုံသာရှိမည်။ ကိုရမ်းကားက ဘာမျှဖြစ်မည်မဟုတ်။ ဤသို့ ဒွိဟ (Dilemma) ဖြစ်နေသော အခြေအနေကို ပုံဆောင်ပြထားသည်။ သောက်လိုက်မိလို့ သက်သာသွားပါကလည်း ကိုရမ်းကားက ဒီကလေးမ ငါကယ်တင်လိုက် ရတာဟု ပဏာယူမည်ကိုလည်း တွေးပူသည်ဆို၏။ ဆောင်းပါးရှင်က သောက်သင့်၏၊ မသောက်သင့်၏ အဖြေမပေးထားပါ။ စဉ်းစားစရာ ကောင်းလှကြောင်းသာ သူကဆိုသည်။ ဟုတ်ပါသည်။ စဉ်းစားစရာ ကောင်းလှပါသည်။ သို့သော်....

“ယုံကြည်မှု မရှိသောကြောင့် သံသယ၀င်သည်” ဟူသော အချက်သည် လုံးလုံးလျားလျား အမှားသာ ဖြစ်ပါသည်။ “၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း” ဆိုသည့် အစိမ်းပုတ်ပုတ်စာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာမှ ၂၀၀၀ ကျပ် (မူရင်းဈေးဟုတ်မဟုတ်မသိ၊ ကျွန်တော်အလွန်လိုချင်နေကြောင်း သိသဖြင့် တစ်အုပ်ထဲကျန်တော့သည်ဆိုကာ ၂၀၀၀ ကျပ်ဖြင့် ရောင်းလိုက်ပါသည်) ပေးဝယ်ကာ ဖတ်ကြည့်ဖူးပါသည်။ နိုင်ငံရေးအကြောင်း လောက်လောက်လားလား နားမလည်သူတစ်ယောက် အနေဖြင့်တောင် ဖတ်ရသည်မှာ အလွန်ရုပ်ဆိုးပါသည်။ စစ်တပ်စစ်တပ်စစ်တပ်ချည်းသာ ထပ်နေပြီးဖြစ်သည်။ တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ၊ တပ်မတော်သည်သာ ပထွေး၊ တပ်မတော်နှင့် နိုင်ငံတော်သည် ခွဲခြားမရစသည်ဖြင့်... ဤသို့သောအချက်များမှာ အလွန်ရှင်းလင်းပြီးဖြစ်ပါသည်။ စစ်တပ်အပေါ် ယုံကြည်မှုမရှိခြင်းကြောင့် ရွေးကောက်ပွဲအပေါ် သံသယ၀င်ခြင်းမဟုတ်ဘဲ ချပြသည့် ဖွဲ့စည်းပုံကကို ကလေးကစားထားသည့် အရေးအသားမျိုးဖြစ်သောကြောင့်သာ “လက်မခံနိုင်ခြင်း” ဖြစ်ပါသည်။ ဆောင်းပါးရှင်က ဤအချက်ကို ကျော်လွှားသွားပြီး လိုသလောက်သာ ချပြထားသည်။

ကလေးစကားဖြစ်သော်လည်း အလွန်သေချာ သည့်စကားတစ်ခွန်းထပ်ပြောရလျှင် ARV ဆေး၏ အစွမ်းထက်မှုကြောင့် ကောင်မလေး ပြည့်ပြည့်ဖြိုးဖြိုးနှင့် ပြန်လည် လှပလာသည်ဆိုလျှင်လည်း ကိုရမ်းကားက ကွန်ဒုံအားကိုးဖြင့် လွန်ကျူးဦးမည်သာ ဖြစ်ပါသည်။ စင်စစ် ဆေးတိုက်ခြင်းသည်ပင် ပတ်ဝန်း ကျင်က လက်မခံနိုင်တော့သဖြင့် အသက်ရှူပေါက်ချောင်အောင် တိုက်ပြခြင်းသာ ဖြစ်ပါသည်။ သနားသွားလို့ ဆိုသည်မှာ ခွက်ထိုးခွက်လှန် ရယ်စရာသာဖြစ်ပါသည်။ ဤသို့သော အချက်အလက်များကို ဖျောက်ပြစ်ပြီး လိုသလောက်ပြပြီး တွေးခိုင်းသော ဥပမာသည် စေ့စေ့မတွေးဘဲ တော်ရုံတန်ရုံတွေးသူ လူငယ်များအတွက် အကြီးအကျယ် လမ်းလွဲသွားစေနိုင်သည်။

စင်စစ် ဤသို့ ဥပမာ (Metaphor) များကို တစ်ခုချင်း လိုက်လံချေဖျက်နေရလျှင် ဆုံးနိုင်မည့်မပုံပေါ်ပါ။ ဆိုလိုရင်းက ဥပမာများသည် လက်တွေ့ဘ၀ကို ပမာပြုနိုင်သော်လည်း “ထပ်တူကျမှု” ရှိမနေခြင်းကို ပြောလို ခြင်းသာ ဖြစ်ပါသည်။ ကာလမသုတ်ကို လက်ကိုင်ထားပြီး “ဆင်ခြင်တုံတရား” ကို (သေးသေးကြီးကြီး၊ ဆင်ခြင်ကြည့်ဖို့သာ အဓိက) ကိုယ်နှင့်မကွာ ဆောင်ထားပြီးသာ လေ့လာသင့်ပါသည်။


◄ တေဇာ ►

Comments

  1. ဆက်ဗျာ.....အခြား တဘက်မှ ဆင်ခြင်ရန် အကြောင်းများကို ပိုသိရတာပေါ့...
    ကိုတေဇာက ကိုတာနဲ့ စတာဆိုတော့ ကျွန်တော်လည်း..ကိုတာ့ အလုံးနဲ့ပဲ မန့်ရတာပေါ့......:)

    ReplyDelete
  2. တော်ရိလျော်ရိမို့လို့ပေပဲနော်.. သေသေသပ်သပ်ဖတ်စာဆို ဘယ့်နှယ်များနေမလဲမသိ...

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

ချောင်းကလေး (The Brook)

I come from haunts of coot and heron, I make a sudden sally And sparkle out among the fern, To bicker down a valley. By thirty hills I hurry down, Or slip between the ridges, By twenty thorpes, a little town, And half a hundred bridges. Till last by Philip’s farm I flow To join the brimming river, For men may come and men may go, But I go on for ever. I chatter over stony ways, In little sharps and trebles, I Bubble in to eddying bays, I babble on the pebbles. With many a curve my banks I fret, By many a field and fallow. And many a fairy foreland set, With willow-weed and mallow. I chatter, chatter, as I flow To join the brimming river, For men may come and men may go, But I go on for ever. Alfred Lord Tennyson ချောင်းကလေး ရေကြက်နဲ့ဗျိုင်းတို့ ကျက်စားရာများမှ ကျွန်တော်စထွက်၊ ကျွန်တော် ရုတ်တရက်ထွက်ပေါ်ခြင်းတစ်ခု ပြုလို့။ ပြီးတော့ ဖန်းရေညှိပင်ကြားမှာ တဖျပ်ဖျပ်လက်၊ တောင်ကြားတစ်ခုမှ အတင်းကလေးပြေးဆင်းဘို့။ ကျွန်တော်မြန်မြန်ဆင်းလာတာက တောင်ကုန်းသုံးဆယ်ေ